
ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ ၏ နောက်ဆုံး ပွဲစဉ် အဖြစ် ကစား ခဲ့သော စပါး အသင်းနှင့် ၀က်စ်ဘရွန်း အသင်းတို့၏ ပွဲစဉ်တွင် ၁-၁ ဂိုးဖြင့် သရေကျ သွားသည့် အတွက် စပါးအသင်း၏ ချန်ပီယံ မျှော်လင့်ချက်မှာ ပျက်ပြယ် သလောက်ဖြစ် သွားခဲ့ပြီ ဖြစ်သည်။
စပါးအသင်းသရေကျခဲ့သည့်အတွက် အမှတ်ပေးဇယားထိပ်မှာ လက်စတာအသင်းမှာ လက်ကျန်သုံးပွဲကစားရန် ကျန်ရှိချိန်တွင် ရမှတ် ၇ မှတ်အထိဖြတ်ထားနိုင်သည့်အတွက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ရမှတ် သုံးမှတ်သာ လိုအပ်တော့ပြီ ဖြစ်သည်။
ဝက်စ်ဘရွန်းနှင့်ပွဲစဉ်တွင် စပါးအသင်းသည် ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးရခဲ့သော်လည်း ဂိုးထပ်မသွင်းနိုင်ဘဲ သရေဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ စပါးတိုက်စစ်ပိုင်းက ၀က်စ်ဘရွန်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းတွင် ဟယ်ရီကိန်းတစ်လုံး၊ ဒုတိယပိုင်းတွင် လာမီလာတစ်လုံး တိုင်ထိထွက်ခဲ့ရသည့်အတွက် အလွန်နစ်နာခဲ့ရသည်။ အဲရစ်ဆင်၏ ပြစ်ဒဏ်ဘောကန်ချက်မှာလည်း ဂိုးဘားတန်းအပေါ်ဘက်ကို ထိထွက်သွားခဲ့သည်။
စပါးအသင်းမှာ ခြေစွမ်းသာသော်လည်း တိုက်စစ်ပိုင်း ဂိုးကံခေခဲ့ရသည်။ ရရှိခဲ့သည့်ဂိုးပင်လျှင် ၀က်စ်ဘရွန်းနောက်ခံလူ ဒေါ်ဆင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်း ဖြစ်သည်။ ၀က်စ်ဘရွန်းအတွက် ချေပဂိုးကိုလည်း ဒေါ်ဆင်ကပင် ထောင့်ကန်ဘောမှ ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။
စပါးအသင်းမှာ လက်ကျန်ပွဲစဉ်သုံးပွဲအဖြစ် ချယ်လ်ဆီး၊ ဆောက်သမ်တန်၊ နယူးကာဆယ်တို့နှင့်ကစားရမည် ဖြစ်ပြီး လက်စတာအသင်းမှာ မန်ယူ၊ အဲဗာတန်၊ ချယ်လ်ဆီးတို့နှင့် ကစားရမည် ဖြစ်သည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/13550





No comments:
Post a Comment