
၂၀၁၅ အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်နေစဉ် ။ (ဓာတ်ပုံ- MFF)
ဧပြီ ၂ ၊ ရန်ကုန်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းနှင့် ယူ-၁၆ လူငယ်အသင်းများကို ထိုင်းနိုင်ငံမှ အကယ်ဒမီကျောင်းများနှင့် ပူးပေါင်းလေ့ကျင့်ခွင့် ရရန် စီစဉ်မည် ဟု တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်း ကို လက်ရှိတွင် နည်းပြချုပ်အဖြစ် သြစတြေးလျလူမျိုး အဲရစ်ဝီလျံက တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ဇူလိုင်လတွင် ဘရူနိုင်းလူငယ်ဘောလုံးပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ ယူ-၁၆ အသင်းကိုမူ နည်းပြချုပ်အဖြစ် ဦးသန်းထိုက်က တာဝန်ယူကိုင်တွယ်ကာ ဇူလိုင်လတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
“ ယူ-၁၄၊ ယူ-၁၆ လူငယ်အသင်းတွေအတွက် ကျွန်တော်တို့ အစီအစဉ်တွေရှိပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ လူငယ်အသင်းတွေ အရန်မရှိတာကို သတိမထားမိတယ်။ ဒါ့ကြောင့် ဒီအသင်းတွေကို တောက်လျောက်လက်ရွေးစင်အတွက် ပြင်ဆင်သွားမှာပါ။ ထိုင်းနဲ့ကနီးတယ်။
မိတ်ဖက်တွေလည်းဖြစ်တော့ သူတို့ဆီက နာမည်ကြီးကလပ်တွေရဲ့ အကယ်ဒမီတွေကို ပူးပေါင်းလေ့ကျင့်နိုင်ဖို့ စီစဉ်နေပါတယ်။ ထိုင်းက လူငယ်အသင်းတွေနဲ့လည်း ခြေစမ်းပွဲတွေ ကစားဖို့လည်းရှိပါတယ် ” ဟု ဦးကိုကိုသိန်းက ပြောသည်။
မြန်မာ ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) တွင် သြစတြေးလျ၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် အတူကျရောက်လျက် ရှိသည်။ အဆိုပါ အာဆီယံ ယူ၁၆ အမျိုးသားဘောလုံးပြိုင်ပွဲကို ယခုနှစ် ဇူလိုင် ၁၀ မှ ၂၃ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည် ဖြစ်သည်။
မဇ္ဈိမသတင်း by ရွှေဘုတ်
Originally published at - http://mizzimaburmese.com/article/13063





No comments:
Post a Comment