
ယူရို - ၂၀၁၆ ဗိုလ်လုပွဲ အဖြစ် အိမ်ရှင် ပြင်သစ်နဲ့ ပေါ်တူဂီ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ ရာမှာတော့ ပေါ်တူဂီ အသင်းဟာ တိုက်စစ်မှူး အီဒါရဲ့ အနိုင်ဂိုးနဲ့ အတူ အိမ်ရှင်ကို အနိုင်ယူပြီး ပထမဆုံး ယူရိုဖလားကို ရယူ ခဲ့ပါတယ်။
အခုပွဲမှာ ခြေစွမ်းပိုင်း အရ ပြင်သစ် အသာရ ခဲ့ပေမယ့် ကံကြမ္မာ ပိုင်းမှာတော့ ပေါ်တူဂီက ပိုသာ ခဲ့ပါတယ်။ ပထမပိုင်း (၁၀) မိနစ်လောက်မှာပဲ ပေါ်တူဂီ အသင်းရဲ့ အဓိက ကစားသမား စီရော်နယ်လ်ဒို ပါယက်ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံကြောင့် ဒဏ်ရာရ ရှိခဲ့ပြီး မိနစ် အနည်းငယ် အကြာမှာ ကွာရက်စ်မာနဲ့ လူစားလဲ ခံခဲ့ရသလို စီရော်နယ်လ်ဒိုလည်း မျက်ရည် လည်ရွှဲနဲ့ ထွက်သွား ခဲ့ရတယ်။ ဒီပွဲမှာ ပြင်သစ် ကွင်းလယ်လူ ဆစ်ဆိုကို မထင်မှတ် လောက်အောင် ခြေစွမ်းပြ သွားခဲ့ပြီး တစ်ဦးချင်း ကျော်ဖြတ် မှုတွေ အပြင် အပိုင် ကန်သွင်း မှုတွေ လုပ်ခဲ့
ပေမယ့် ပေါ်တူဂီ ဂိုးသမား ပက်ထရူစီယို ကာကွယ်နိုင် ခဲ့တယ်။
ပေါ်တူဂီ အသင်းဘက်မှာလည်း ဂိုးသမား ပက်ထရူစီယို အကောင်းဆုံး လက်စွမ်းပြခဲ့ပြီး သူသာ မကာကွယ်နိုင် ခဲ့ရင် ပြင်သစ်က အနည်းဆုံး (၃) ဂိုးလောက် ပြတ်သွားနိုင်တဲ့ အနေ အထားပါ။
ဒုတိယပိုင်းမှာ ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က လူစားပြောင်းလဲမှုတွေ လုပ်ခဲ့ပြီး ခြေစွမ်းမပြနိုင်တဲ့ အက်ဒရီယန်ဆေးလ်ဗားအစား မော်တင်ဟို၊ ရီနာတိုဆန်းချက်စ် အစား အီဒါတို့ကို ထည့်သွင်း ခဲ့တဲ့ နောက်ပိုင်း ပေါ်တူဂီ အသင်းရဲ့ တန်ပြန် တိုက်စစ် ကစားပုံက ပီပြင်လာ ခဲ့တယ်။
အထူးသဖြင့် တိုက်စစ်မှူးအီဒါရဲ့ အတိုးအလှုပ်တွေကြောင့် ပြင်သစ်နောက်ခံလူတွေ အလုပ်ရှုပ်စေခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ပြင်သစ်အသင်းကို အဆုံးအဖြတ်
ဖြစ်စေတဲ့ အခိုက်အတန့်ကတော့ လူစားဝင်လာတဲ့ တိုက်စစ်မှူးဂစ်နက် ပွဲပြီးခါနီးလောက်မှာ အပိုင် ကန်သွင်း ခဲ့ပေမယ့် တိုင်ထိ ထွက်သွားတာပဲ ဖြစ်ပါတယ်။
ပွဲချိန်ပြည့်လို့ အချိန်ပို ဆက်လက်ကစားခဲ့တာမှာတော့ (၁၀၉)မိနစ် မှာ ပေါ်တူဂီတိုက်စစ်မှူး အီဒါက ဂိုးဧရိယာထိပ်နားလောက်ကနေ အပြင်းကန်သွင်းပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တယ်။
လက်ကျန် မိနစ်တွေမှာ ပေါ်တူဂီ အသင်းက ထိန်းကစား သွားခဲ့ပြီး ပြင်သစ် အသင်း အနေနဲ့ တိုက်စစ်ကို ဖွင့်ကစား သင့်ပေမယ့် ပုံမှန် အတိုင်းသာ ထိုးဖောက်နေ တာကြောင့်
ချေပဂိုး မသွင်းနိုင်ဘဲ အရှုံးပေး ခဲ့ရပါတယ်။
ဒီနိုင်ပွဲကြောင့် ပေါ်တူဂီအသင်းဟာ ပြင်သစ်အသင်းကို နောက်ဆုံး (၁၀) ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင် ခဲ့ပြီဖြစ်ပြီး စီရော်နယ်လ်ဒို ကလည်း သူ့ရဲ့ အဓိက ပြိုင်ဘက် မက်ဆီကို ဆုဖလား မှတ်တမ်းမှာ အသာ ရယူနိုင် ခဲ့ပါပြီ။
Photo: AFP
Eleven Media Group
Originally published at - http://news-eleven.com/euro-2016/22072

No comments:
Post a Comment