ဆင်ဖက်ခရေသောင်။ (ဓာတ်ပုံ - ရိုက်တာ) |
ထိုင်း နိုင်ငံသား အလေးမ ချန်ပီယံ ဆင်ဖက် ခရေသောင်ရဲ့ အဖွား ဖြစ်သူဟာ သူ့ရဲ့ ပြိုင်ပွဲ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှု နေချိန်မှာ လဲကျပြီး ရုတ်တရက်
သေဆုံး သွားခဲ့ တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဒီကနေ့ ဖော်ပြ ပါတယ်။
ဆင်ဖက်ဟာ လက်ရှိ ကျင်းပနေတဲ့ ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ် ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့ တာပါ။
ဒေသခံပရိသတ်ပေါင်းများစွာ ပါဝင်တဲ့ လူအုပ်စုကြီးဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချန်ဖွန်ဘူရီခရိုင်၊ ဘန်ဖွန်မောင်ဒေသမှ သူ့ရဲ့အိမ်ရှေ့ကို အားပေးဖို့ စုရုံး ရောက် ရှိလာခဲ့ကြချိန်မှာ အိမ်ထဲမှာ ဆင်ဖက်ရဲ့ ဖခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် သွန်ဒန်ခရေသောင်၊ မိခင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် ချန်ခရေသောင်နဲ့ အဖွားဖြစ်သူ အသက် ၈၂ နှစ်အရွယ် ဆူဘင်ခေါင်သက်တို့ဟာ အတူတကွ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးယိုးမြို့ကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ၅၆ ကီလိုတန်း အလေးမ ပြိုင်ပွဲမှာ မြေးဖြစ်သူ ယှဉ်ပြိုင်နေ ခဲ့တာကို ကြည့်ရှုရင်း စိတ်လှုပ်ရှားကာ လဲကျ သွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
သူ့ကို ချန်ဖွန်ဘူရီခရိုင်ဆေးရုံကို အလျင်အမြန် ခေါ်ဆောင်သွားခဲ့ကြပြီး ဆေးရုံရောက်လို့ ၁ နာရီအကြာမှာတော့ သေဆုံးသွားခဲ့ပြီလို့ ကြေညာလိုက်တာပါ။
သူဟာ မြေးဖြစ်သူ ဆုရရှိတာကိုတောင် မမြင်ခဲ့လိုက်ရဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဆင်ဖက်ရဲ့ မိခင်ဖြစ်သူ ချန်ကတော့ အခုလို သူမရဲ့မိခင် သေဆုံးခဲ့ရမှုအတွက် ၀မ်းနည်း ပူဆွေး ရတာနဲ့ တပြိုင်နက် တည်းမှာပဲ သားဖြစ်သူ ရရှိခဲ့တဲ့ ဆုတံဆိပ် အတွက် ၀မ်းသာ ခဲ့ရ တယ်လို့ ပြောပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162728
No comments:
Post a Comment