![]() |
မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်း တစ်သင်း ဖြစ်တဲ့ ဇေယျာရွှေမြေက အသင်း ဖျက်သိမ်း လိုက်ပြီး ဇွဲကပင်နဲ့ မနောမြေ အသင်းတို့ကလည်း ဆက်လက် ပြိုင်ပွဲဝင်ဖို့ အခက်အခဲ ရှိတာကြောင့် လာမယ့် မြန်မာ နေရှင်နယ်လိဂ်မှာ အသင်း အရေ အတွက် လျော့ကျဖို့ ရှိပါတယ်။
ဒီလိုအသင်းတွေ ပြိုင်ပွဲကနေ ထွက်ဖို့ ရှိပေမယ့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ဆက်လက် ကျင်းပ သွားမှာ ဖြစ်တယ်လို့ လိဂ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်မှာ ဇေယျာရွှေမြေ အသင်း အိမ်ကွင်း အဖြစ် လက်ခံ ကျင်းပနေတဲ့ မုံရွာကွင်းကို ပြန်လည် အပ်နှံဖို့ အဆိုကို လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ကြည်က တင်သွင်း ခဲ့ပြီး ကန့်ကွက် သူမရှိဘဲ မုံရွာကွင်းကို တိုင်းဒေသကြီး အစိုးရထံ ပြန်အပ်ဖို့ အတည်ပြု ခဲ့တာကြောင့် ကွင်းရော အသင်းပါ ပြန်အပ် လိုက်တာ ဖြစ်တယ်လို့ ဇေယျာရွှေမြေ အသင်းပိုင်ရှင် ဦးသူရိန်က ပြောပါတယ်။
တခြားပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်တဲ့ ဇွဲကပင်အသင်းကလည်း လာမယ့်မြန်မာ လိဂ်ပြိုင်ပွဲဝင်ဖို့ အတွက် ဆန္ဒမရှိတော့လို့ ၀င်ပြိုင်မှာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ထားပေမယ့် လိဂ်ကော်မတီ ကိုတော့တရား ၀င်တင်ပြလာခြင်းမရှိသေးဘူးလို့ ကော်မတီဥက္ကဒေါက်တာစိုင်းဆမ်ထွန်း ကပြောပါတယ်။
မြန်မာလိဂ်-၂ မှာ ချန်ပီယံဖြစ်ပြီး၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ တန်းတက်ခွင့် ရရှိခဲ့တဲ့ မနောမြေအသင်းကလည်း ငွေကြေးအခက်အခဲ ကြောင့် အသင်းကို ဘောလုံးအဖွဲ့ချုပ်ထံ ပြန်လည်အပ်နှံထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ ငွေကြေးကူညီ ပံ့ပိုးမယ့် စပွန်ဆာကုမ္ပဏီတွေကို ကူညီရှာဖွေပေးမှာဖြစ်ပြီး ဆက်လက်ပြိုင်ဝင်နိုင်အောင် ကူညီပေးမယ်လို့ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ရတနာပုံအသင်းပိုင်ရှင်လည်းဖြစ်တဲ့ ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/166005

No comments:
Post a Comment