
မန်ယူ လူငယ် တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ဟာ နော်ဝေနဲ့ ကစားခဲ့တဲ့ ဥရောပ ယူ ၂၁ ပြိုင်ပွဲ ခြေစစ်ပွဲမှာ အင်္ဂလန် အသင်း အတွက် ဟက်ထရစ် သွင်းယူ ခဲ့ပါတယ်။
ရက်ခ်ျဖို့ဒ်ဟာ အင်္ဂလန် ယူ ၂၁ အသင်းနဲ့ ပထမဆုံး ကစားရတဲ့ ပွဲစဉ်မှာပဲ ခြေစွမ်းပြ ကစားနိုင် ခဲ့ပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်ယူ ၂၁ က နော်ဝေ ယူ ၂၁ အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။
အသက် ၁၈ နှစ်ရှိ ရက်ခ်ျဖို့ဒ်ဟာ မတူညီတဲ့ နည်းပြ ၄ ဦးလက်အောက်မှာ ပွဲဦးထွက် ဂိုးတွေသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ရက်ခ်ျဖို့ဒ်ဟာ မန်ယူအသင်းကို ဗန်ဟားလ်နည်းပြစဉ်ကလည်း ပွဲဦးထွက်ဂိုးသွင်းခဲ့သလို မော်ရင်ဟိုရောက်လာတဲ့အချိန်မှာလည်း ပွဲဦးထွက် ဂိုးသွင်းခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းကို နည်းပြ ရွိုင်းဟော့ဆန် ကိုင်တွယ်တုန်းကလည်း သူ့ရဲ့ လက်ရွေးစင်အသင်း ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့ပြီး အင်္ဂလန် ယူ ၂၁ အသင်းနဲ့ ပွဲဦးထွက်ပွဲစဉ်မှာလည်း အခုလို ဟက်ထရစ် ၃ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်နဲ့ နော်ဝေတို့ရဲ့ပွဲစဉ်ကို လက်ရွေးစင်အသင်းကြီး နည်းပြ ဆမ်အလာဒိုက်စ်လည်း လာရောက်ကြည့်ရှုခဲ့ပြီး ရက်ခ်ျဖို့ဒ်ကို အသင်းကြီးမှာ ပြန်လည်ရွေးချယ်သွားဖို့ ရှိပါတယ်။
အင်္ဂလန် ယူ ၂၁ အသင်းဟာ ဥရောပ ယူ ၂၁ ပြိုင်ပွဲ ခြေစစ်ပွဲမှာ ဆွစ်ဇာလန်၊ နော်ဝေ၊ ဘော့စနီးယား၊ ကာဇက်စတန်တို့နဲ့ တအုပ်စုတည်း တွေ့ဆုံနေတာဖြစ်ပြီး ၆ ပွဲကစား၊ ၄ ပွဲနိုင် ၂ ပွဲသရေရလဒ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။
ဓာတ်ပုံ - Getty
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167380

No comments:
Post a Comment