
၂၀၁၈ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု ဘီ အဖွင့် ပွဲစဉ် အဖြစ် ဆွစ်ဇာလန်နဲ့ ဥရောပ ချန်ပီယံ ပေါ်တူဂီတို့ စက်တင်ဘာ ၆ ရက်ညက ယှဉ်ပြိုင်ရာ ဆွစ်ဇာလန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိ သွားပါတယ်။
တိုက်စစ်မှူး ရော်နယ်ဒို ဒဏ်ရာကြောင့် မပါဝင်နိုင် ခဲ့တဲ့ ၂၀၁၆ ဥရောပ ချန်ပီယံ ပေါ်တူဂီ အတွက်တော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲဟာ စိတ်ပျက် စရာ ရလဒ်နဲ့ အဆုံးသတ် ခဲ့ရတာပါ။
ဒီပွဲမှာ ပေါ်တူဂီအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီး ရယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်း ရှိခဲ့ပါတယ်။
ပွဲချိန် ၂၄ မိနစ်မှာ ဆွစ်ဇာလန်အသင်း ပြစ်ဒဏ်ဘောကန်သွင်းရာ ပေါ်တူဂီ ဂိုးသမား ပုတ်ထုတ်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အမ်ဘိုလိုက ထပ်ဆင့်ခေါင်းတိုက် သွင်းယူခဲ့လို့ ဆွစ်ဇာလန် အဖွင့်ဂိုး ရရှိခဲ့ပါတယ်။
ဆွစ်ဇာလန်အတွက် ဒုတိယဂိုးကို ပွဲချိန် မိနစ် ၃၀ မှာ မာမက်ဒီက ပေါ်တူဂီဂိုးဧရိယာထဲကနေ အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ ဆွစ်ဇာလန်ကွင်းလယ်လူ ရှာခါ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။
အုပ်စုဘီ အခြားပွဲစဉ်တွေမှာတော့ လတ်ဗီးယားက အန်ဒိုရာကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဖာရိုးအိုင်းလန်းနဲ့ ဟန်ဂေရီတို့ ဂိုးမရှိ သရေကျခဲ့ပါတယ်။
အုပ်စုဘီက တပွဲစီ ကစားပြီးချိန်မှာတော့ ဆွစ်ဇာလန်က အုပ်စုပထမ၊ လတ်ဗီးယားက အုပ်စု ဒုတိယနေရာကနေ အသီးသီး ဦးဆောင်ထားနိုင်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167337

No comments:
Post a Comment