Monday, October 31, 2016
ချယ်လ်ဆီး ကစားသမားများ၏ အလုပ်အပေါ် ကျင့်ဝတ်ခံယူချက်ကို ကွန်တီ ချီးကျူး
ချယ်လ်ဆီး ကစားသမား များ၏ အလုပ်နှင့် ပတ်သက်သော ကျင့်ဝတ် ခံယူချက်မှာ အံ့ဩစရာ ဖြစ်ကြောင်း မန်နေဂျာ အန်တိုနီယို ကွန်တီက ချီးကျူး ပြောကြား ခဲ့သည်။
စိန့်မေရီတွင် ဆောက်သမ်တန်ကို(၂-၀)ဖြင့် အနိုင် ရပြီးနောက် ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်း စာရင်းတွင် ပါဝင်လာပြီ ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် အသင်းအတွက် ဂိုးများကို အီဒင်ဟာဇက်နှင့် ဒီယေဂို ကော်စတာတို့က အသီးသီး သွင်းယူခဲ့ သည်။
ချယ်လ်ဆီးသည် အာဆင်နယ်ကို (၃-၀)ဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း သုံးယောက်တန်း ခံစစ်ကစားကွက်ကို ပြောင်းလဲလိုက်ပြီးနောက် ပေးဂိုး လုံးဝ မရှိသေးချေ။
ယခုအခါ ချယ်လ်ဆီးသည် အမှတ်ပေး ဇယား ထိပ်ဆုံးမှ မန်ချက်စတာစီးတီးနှင့် တစ်မှတ်အကွာတွင် ရပ်တည်နေပြီ ဖြစ်သည်။
အီတလီသား မန်နေဂျာ ကွန်တီက “ကျွန်တော် အရမ်းပျော်ပါတယ်။ ကစားသမားတွေရဲ့ အာရုံစူးစိုက်မှု၊ အလုပ်အပေါ် ကျင့်ဝတ် ရိုသေမှု တွေကို တွေ့မြင်
နေရ တာကြောင့်ပါ။ ကျွန်တော့် ကစားသမားတွေက ဘောလုံး ပိုင်ဆိုင်ချိန်မှာရော၊ ပိုင်ဆိုင်မှု ဆုံးရှုံးနေချိန်တွေမှာပါ အကောင်းဆုံး အားထုတ် ကစားခဲ့ ကြပါတယ်”ဟု ဆိုသည်။
၎င်းက “ဒါဟာ ဘောလုံးကစားဖို့ အမှန်ကန်ဆုံး နည်းလမ်းပါပဲ။ ကျွန်တော်တို့ဟာ အင်မတန် တောင့် တင်းတဲ့ အသင်းတစ်သင်းကို စုစုစည်းစည်း အလုပ်လုပ်ပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီလို စွမ်းဆောင်ရည်မျိုး မြင်ရတဲ့အခါ မပျော်နိုင်တဲ့ နည်းပြမျိုး ရှိမယ် မထင်ပါဘူး”ဟုလည်း ပြောကြားသွားခဲ့သည်။ ၎င်းက “ကျွန်တော်တို့ လေးပွဲဆက်တိုက် ဂိုးမပေးခဲ့ရတာ ကျေနပ်စရာပါ။ ပြီးတော့ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့ပြီး နှစ်ဂိုးသွင်းခဲ့တယ်။ ကျွန်တော်တို့ တစ်သင်းလုံး အရမ်း အလုပ်ကြိုးစားခဲ့ကြပါ တယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။
Ref: Sky Sports
From : Yangon Media Group
Originally published at - https://www.facebook.com/yangonmediagroup
Labels:
ဘောလုံးအသင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment