
အာရှယူ ၁၉ အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲ စဉ်တွေကို ဒီဇင်ဘာ ၂၄ ရက်က ယှဉ်ပြိုင် ကစားခဲ့ရာမှာ မြန်မာ အမျိုးသမီး ယူ ၁၉ အသင်းက ထိုင်းအမျိုးသမီး ယူ ၁၉ အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။
မြန်မာအမျိုးသမီး ယူ ၁၉ အသင်းဟာ ထိုင်းအသင်းကို အနိုင်ရမှ ခြေစစ်ပွဲအောင်မှာဖြစ်လို့ ပွဲစကတည်းက ဖိအားပေးတိုက်စစ်ဆင်က စားခဲ့ပေမယ့် ထိုင်းနောက်တန်းကလည်း အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၃၃ မိနစ်မှာတော့ ထိုင်းအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ညာတောင်ပံကဖြတ်တင်ပေးမှုကနေ ထိုင်း တိုက်စစ်ကစားသမား ကန်နရတ်က အနီးကပ် ပိတ်သွင်းခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာလည်း မြန်မာခံစစ်အမှားကနေ ထိုင်းအသင်းခေါင်းဆောင်ဂျာအာပွန် က ဒုတိယဦး ဆောင်ဂိုး သွင်းခဲ့ပါတယ်။
ဦးဆောင်ဂိုး ၂ ဂိုးပေးလိုက်ရတဲ့ မြန်မာအသင်းဟာ ဂိုးရဖို့ ကြိုးစားကစားခဲ့ပေမယ့် အချိတ်အဆက်လွဲချော်နေခဲ့လို့ တိုက်စစ်ပိုင်းက ထိရောက်တဲ့ ဂိုးသွင်းခွင့်တွေ မရခဲ့ပါဘူး။
မြန်မာအသင်းအတွက် ချေပဂိုးတဂိုးကိုတော့ ပွဲပြီးခါနီးမှာ ဂျူလိုင်ကျော်က ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။
အစောပိုင်းကကစားခဲ့တဲ့ပွဲမှာတော့ ကာဂျစ္စတန်က ပါလက်စတိုင်းကို ၆ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ထိုင်းအသင်းဟာ မြန်မာအသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုပထမရခဲ့ပြီး လာမယ့် ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံက လက်ခံကျင်းပမယ့် အာရှယူ၁၉ အမျိုးသမီးပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ထိုင်းအသင်းနဲ့ယှဉ်ရင် အတွေ့အကြုံပိုင်းအားနည်းမှုရှိပြီး ကွင်းလယ်ကစားပုံ အားနည်းခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ မြန်မာ နည်းပြ ဦးဝင်းမြင့်သွင်က ပြောပါတယ်။
ထိုင်းနည်းပြကတော့ မြန်မာအသင်းက ကြိုးစားအားထုတ်မှုကောင်းပြီး အနိုင်ရခဲ့ပေမယ့် မြန်မာအသင်းဆီကနေ လေ့လာသင်ယူစရာတွေလည်း ရခဲ့တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
သတင်း/ဓာတ်ပုံ- လွှမ်းမိုးအောင်
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/181191





No comments:
Post a Comment