
ဇန်နဝါရီ ၇၊ လန်ဒန်။ ။ ကွင်းလယ် ကစားသမား ဂျွန် မီကယ်လ် အိုဘီသည် တရုတ် စူပါလိဂ် ကလပ် တီယန်ကျင်း တီအီးဒီအေ အသင်းသို့ ပြောင်းရွှေ့ရန် ချယ်လ်ဆီး အသင်းမှ ထွက်ခွာ သွားပြီ ဖြစ်သည်။
အသက် ၂၉ နှစ် အရွယ် နိုက်ဂျီးရီးယား ကစားသမားသည် ၂၀၀၆ တွင် အသင်းသို့ aရာက်လာပြီး ကတည်းက ချယ်လ်ဆီးအတွက် ၃၇၂ ပွဲ ကစားပေး ထားသော်လည်း လက်ရှိ ရာသီတွင် ပွဲထွက်ခွင့် ပျောက်နေသူ ဖြစ်သည်။
စတမ်းဖို့ဒ် ဘရစ်ခ်ျကလပ် အတွက် ကစားပေးခွင့် ရသည်မှာ ဂုဏ်ယူစရာ ကောင်းသော်လည်း စိန်ခေါ်မှု အသစ်ရှာဖွေရန် အချိန်ကျပြီဟု ၎င်းက ဆိုသည်။
မီကယ်လ်သည် ချယ်လ်ဆီး အသင်းနှင့် အတူ ပရီးမီးယားလိဂ် ဖလားနှစ်လုံး၊ အက်ဖ်အေ ဖလားလေးလုံးနှင့် ၂၀၁၂ ချန်ပီယံလိဂ် ဖလားတို့ကို ရရှိ ထားသည်။
“နောက်ထပ်နှစ်တွေ အကြာကြီး ကစားနိုင်သေးတဲ့ ကျွန်တော်ဟာ ဒီရာသီမှာ ပွဲထွက်ခွင့် မရခဲ့ပါဘူး။ စိန်ခေါ်မှု အသစ်ရှာဖို့ အချိန်ကျပြီလို့ စိတ်ထဲမှာ ခံစားနေ ရပါတယ်။
တရုတ်စူပါလိဂ် ရေပန်းစား လာချိန်မှာ တီယန်ကျင်း အသင်းကိုပြောင်းခွင့်ရလို့ ဝမ်းသာ ပါတယ်။ အသင်း တိုးတက်အောင် ကူညီဖို့ လည်း ကြိုးစား သွားမှာပါ။
ပရီးမီးယားလိဂ်မှာ ကစားဖို့က ပရော်ဖက်ရှင်နယ် ကစားသမားတိုင်းရဲ့ ရည်မှန်းချက်ပါ။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေ၊ ကစားသမားတွေ ရှိနေတဲ့ ချယ်လ်ဆီး အသင်းမှာ ကစားရတာ၊ ချယ်လ်ဆီး မိသားစုဝင်ဖြစ်ရတာ ကတော့ တကယ့် ဂုဏ်ယူစရာပါ” ဟု မီကယ်လ်က ပြောသည်။
မီကယ်လ်သည် ရှန်ဟိုင်းအက်စ်အိုင်ပီဂျီသို့ရောက်သွားသည့် အော်စကာပြီးနောက် မကြာသေးသည့်ကာလအပိုင်းအခြား အတွင်း တရုတ်စူပါလိဂ်သို့ ပြောင်းသည့် ဒုတိယမြောက် ချယ်လ်ဆီးကစားသမားဖြစ်လာခဲ့သည်။
Ref; BBC
From : မဇ္ဈိမ မီဒီယာ
Originally published at - http://mizzimaburmese.com/article/22038





No comments:
Post a Comment