
မြန်မာ့ကြက်တောင်အားကစားအဖွဲ့ဟာ လာမယ့်ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား ၂၀ ဦး ရွေးချယ်ပြီး လေ့ကျင့်ပြင်ဆင်သွားမယ်လို့ လက်ရွေးစင် ကြက်တောင်နည်းပြ ဦးမောင်မောင်က ပြောပါတယ်။
ရွေးချယ်လေ့ကျင့်မယ့် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁၀ ဦးကို ကျင်းပပြီးစီးခဲ့တဲ့ တံခွန်စိုက်ပြိုင်ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ကစားသမားတွေထဲက ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
မျိုးဆက်သစ်ကစားသမားတွေ ထွက်ပေါ်လာဖို့နဲ့ လက်ရွေးစင်ကစားသမားတွေ ပွဲအတွေ့အကြုံရဖို့ ကျင်းပတဲ့ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲမှာ ကစားသမား ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။
မြန်မာကြက်တောင်အားကစား အဆင့်အတန်းဟာ အရှေ့တောင်အာရှအဆင့်မှာတောင် အောင်မြင်မှု မရသေးပေမယ့် ကြက်တောင် အားကစား အဖွဲ့ချုပ်ကို ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ အတွက် အနာဂတ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့ လက်ရွေးစင်ကစားသမားတွေက ပြောပါတယ်။
ကြက်တောင်အားကစားမှာ အရှေ့တောင်အာရှက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကမ္ဘာ့အဆင့်ရှိတဲ့ နိုင်ငံတွေဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ ဆုတံဆိပ်ရဖို့ ရုန်းကန်နေရတာပါ။
နိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြုံတွေ ပိုများလာတာကြောင့် လာမယ့် မလေးရှားဆီးဂိမ်းမှာတော့ ဆုတံဆိပ်တခုရဖို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့လက စပိန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ကြက်တောင်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့တဲ့ လက်ရွေးစင်ကစားသမား အောင်မျိုးထူးက ပြောပါတယ်။
လာမယ့် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ စတင်ကျင်းပမယ့် မလေးရှားဆီးဂိမ်းမှာ အိမ်ရှင်မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က ရွှေတံဆိပ်ရဖို့ အခွင့်အရေးအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ကတော့ ကြေးတံဆိပ်ရဖို့ပဲ အမြင့်မားဆုံး မျှော်လင့်နိုင်တယ်လို့ လက်ရွေးစင် ကြက်တောင်နည်းပြက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ- လွှမ်းမိုးအောင်
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/182181

No comments:
Post a Comment