
မြန်မာ နေရှင်နယ်လိဂ် ယူ - ၂၁ ပြိုင်ပွဲမှာ ယူ-၂၀ ကမ္ဘာ့ ဖလား ကိုင်တွယ်ခဲ့တဲ့ အမျိုးသမီး ကွင်းလယ်ဒိုင် တဦးကို ပထမဆုံး အကြိမ် အသုံးပြု ခဲ့ပါတယ်။
ရန်ကုန်နဲ့ ဆောက်သမ်း မြန်မာ အသင်းတို့ရဲ့ ယူ-၂၁ လိဂ်ပြိုင်ပွဲမှာ အမျိုးသမီး ဒိုင်လူကြီး တဦးကို ပထမဆုံး အကြိမ် ကိုင်တွယ်စေ ခဲ့တာပါ။
မြန်မာနေရှင်နယ်လိဂ် ပွဲတွေကို ပရိသတ်တွေရဲ့ အားပေးမှု ရဖို့နဲ့ အရည် အချင်းရှိတဲ့ ဒိုင်တဦး ဖြစ်တာကြောင့် အခုလို အသုံးပြု ခဲ့တာဖြစ်တယ်လို့ မြန်မာ
နေရှင်နယ်လိဂ် ကော်မတီ စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။
“အမျိုးသားအသင်းကြီးပွဲမှာ ချက်ချင်းလုပ်ခိုင်းဖို့ ဆိုတာက သူ့အနေနဲ့ Practice ချက်ချင်းရဖို့ မလွယ်နိုင်သေးဘူး။ အဲဒါကြောင့်မို့ လူငယ်ပွဲတွေမှာ ဒီနေ့ စမ်းသပ် တာဝန်ပေးတာပေါ့။
ဒိုင်လူကြီးဌာနနဲ့ တိုင်ပင်ပြီးတော့ တာဝန်ပေးခဲ့တာပေါ့နော်။ သူ့ရဲ့ ပွဲကိုင်တဲ့ပုံကိုလည်း Complain မရှိအောင် လက်ခံလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ စီနီယာပြိုင်ပွဲတွေမှာ လိုအပ်ရင် လိုအပ်သလို တာဝန်ချထားဖို့ စဉ်းစားသွားမယ်။”
အမျိုးသားလိဂ် ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် တာဝန်ယူ ခဲ့ရတဲ့ အတွက် ဂုဏ်ယူ မိပြီး လိဂ်-၁ ပြိုင်ပွဲတွေမှာလည်း ကိုင်တွယ်ခွင့် ရဖို့ ကြိုးစား သွားမယ်လို့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးက ပြောပါတယ်။
“ကျမကတော့ MNL အကြီးပွဲအထိ လုပ်ချင်တာပေါ့နော်။ ဒါပေမယ့် ဆရာတွေဘက်ကလည်း အများကြီး ကိုယ်က လုပ်ချင်တယ်ဆိုတိုင်း အဲဒီလိုမျိုး လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူးလေ။ မိန်းကလေးတယောက်ကို ဘောလုံးပွဲ ခိုင်းတယ်ဆိုရင် သူတို့မှာ မိန်းကလေး ဆိုတဲ့ စိတ်က အနည်းနဲ့ အများ ရှိနေတဲ့ အတွက် Respect ဆိုတာ ရှိတဲ့ကစားသမားက ရှိတယ်။
မရှိတဲ့ ကစားသမားက မရှိဘူး။ အဲဒီ Respect ဆိုတဲ့ စကားလုံးလေးတွေသာ သူတို့ လက်ခံနိုင်မယ်ဆိုရင် အမကို MNL အကြီးပွဲမှာလည်း တာဝန်ထမ်းဆောင် ခွင့်ပေးမယ်။ အမရဲ့ ပါဖောမန့်ကလည်း ပိုပြီးကောင်းလာမယ်။ အမရဲ့ ဆုံးဖြတ်ချက်တွေပေါ့နော်။
ပင်နယ်တီဧရိယာ ဆုံးဖြတ်ချက်တွေ၊ ပြစ်ဒဏ်ဘော ဆုံးဖြတ်ချက်တွေ၊ အဝါကတ် အနီကတ်ပြရမယ့် ဆုံးဖြတ်ချက်တွေမှာ ၁၀၀ ရာခိုင်နှုန်းအပြည့် မှန်မယ် ဆိုရင် ဘောလုံး အဖွဲ့ချုပ် ဘက်ကလည်း အမကို လက်ခံပြီးတော့မှ MNL အထိ တာဝန် ထမ်းဆောင်ခိုင်းမယ်ပေါ့။”
ဒေါ်သိန်းသိန်းအေး စတင်ကိုင်တွယ်ခဲ့တဲ့ အဲဒီပွဲပြီးခါနီးမှာ နှစ်ဘက်ကစားသမားတချို့ တွန်းထိုးမှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်ကစားသမားတဦး ၂ ဝါ၊ ၁ နီနဲ့ အထုတ်ခံ ခဲ့ရပါတယ်။
အမျိုးသားပွဲတွေမှာ အမျိုးသမီးဒိုင်လူကြီးတွေ ကိုင်တွယ်တာကို ကြိုဆိုပေမယ့် ပွဲကိုကိုင်တွယ်ရာမှာ ဆုံးဖြတ်ချက် ပြတ်သားဖို့လိုတယ်လို့ ဒိုင်လူကြီးဟောင်းတဦးဖြစ်သူ ဦးတင်စိန်က အကြုံပြုပါတယ်။
“ဒိုင်လူကြီးက အမျိုးသားပဲ လုပ်လုပ်၊ အမျိုးသမီးပဲ လုပ်လုပ် ဥပဒေ ၁၇ ချက်ပေါ် မူတည်ပြီး လုပ်ကြ တာပေါ့။ လုပ်ကြတဲ့ အပေါ်မှာ သုံးသပ်ချက်တွေ၊ ဆုံးဖြတ် ချက်တွေ ကျတော့လည်း သူတို့ရဲ့ Common Sense အတွေး အခေါ်ပိုင်းမှာ မူတည်တယ်။ ကောင်းပါတယ်။
ဒိုင်လူကြီး တယောက်က ဥပဒေအရ ဆုံးဖြတ်တဲ့ နေရာမှာ ပင်နယ်တီပေးရေး မပေးရေး၊ လူထုတ်ရေး မထုတ်ရေး ဆိုတာ အဓိက ကျတယ်။ ဒါတွေက ဆုံးဖြတ် ချက်က ပြတ်သား ရတာလေ။ သူ အခု နောက်ဆုံး ဆုံးဖြတ် လိုက်တာ ကောင်းတယ်။ တခုပဲရှိတယ်၊ ဘာလဲဆိုတော့ ကြာသွားတယ်။”
အဲဒီပွဲစဉ်မှာ စတုတ္ထဒိုင်လူကြီးကိုလည်း အမျိုးသမီး ဒိုင်တဦးကို ပထမဆုံး အကြိမ် တာဝန်ပေး ခဲ့ပါတယ်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေနဲ့ အမျိုးသမီး ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ပြီး လိဂ်-၁ ပြိုင်ပွဲတွေအထိ တာဝန်ပေးဖို့ စီစဉ်ထားပါတယ်။
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/188538

No comments:
Post a Comment