မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 3, 2017

ပထမဆုံး ဂိုးပေါက်တည့် ကန်ချက်ကတစ်ဆင့် ဘရာဗို ပွဲစဉ် ၁၃ ပွဲ ဂိုးပေးခဲ့ရ




မန်ချက်စတာ၊ မတ် ၂

မန်စီးတီး ဂိုးသမား ဘရာဗိုသည် မန်စီးတီးက ဟတ်ဒါး စဖီးလ်ကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည့် အက်ဖ်အေဖလား ပဉ္စမ အဆင့် ပြန်ကန် ပွဲစဉ်တွင် ပြိုင်ဘက် အသင်း၏ ပထမဆုံး ဂိုးပေါက်တည့် ကန်ချက်ကို ဂိုးအဖြစ် ခွင့်ပြု လိုက်ရသည့် အတွက် လက်ရှိဘောလုံး ရာသီတွင် ယင်းသို့သော ဖြစ်ရပ်နှင့် ကြုံဆုံ ရသည်မှာ ၁၃ ပွဲ ရှိခဲ့ပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြ ထားသည်။

ဘရာဗိုသည် လက်ရှိဘောလုံးရာသီတွင် မန်စီးတီးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၂၅ ပွဲ ပွဲထွက်ခွင့် ရရှိခဲ့ရာ၌ ပြိုင်ဘက်အသင်း၏ ပထမဆုံး ဂိုးပေါက်တည့် ကန်ချက်ကို ဂိုးအဖြစ် ခွင့်ပြုလိုက်ရသည့် ပွဲစဉ်အရေ အတွက် ၁၃ ပွဲ ရှိလာခဲ့ခြင်းဖြစ်ကာ ပွဲအပြီးတွင်မူ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဂိုးပေးလိုက်ရသည့် ဖြစ်စဉ် တစ်ကြိမ်ကလွဲ၍ ဘရာဗိုမှာ အသင်းအတွက် အမှားအယွင်းကင်းကင်း ကစားပေးနိုင်ခဲ့ကြောင်း ချီးကျူးစကား ပြောကြားသွားခဲ့သည်။

ဟတ်ဒါးစဖီးလ်သည် ပွဲအစ ခုနစ် မိနစ်၌ပင် မန်စီးတီးဘက်သို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းဂိုးကို မန်စီးတီး လူငယ်ကစားသမားဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသည့် ဟယ်ရီဘန်းက ဘယ်ခြေဖြင့် အနိမ့်ဘော ကန်သွင်းရယူပေးသွားခဲ့ခြင်း ဖြစ်သည်။

ဘရာဗိုသည် ဟယ်ရီဘန်း၏ ကန်ချက်ကို ကာကွယ်ရာတွင် ဘောလုံးမှာ ၎င်း၏ လက်အောက်ကထွက်၍ ဂိုးဝင်သွားခဲ့ခြင်း ဖြစ်ပြီး ပြိုင်ဘက်အသင်းမှာ ၎င်းတို့ထက် အစစအရာရာ အားနည်းလွန်းသည့် ဟတ်ဒါးစဖီးလ် ဖြစ်နေခြင်းကြောင့်သာ မန်စီးတီး အနေနှင့် ခံသာသွားခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန်သတင်းမီဒီယာများက သုံးသပ်ထားကြသည်။

မန်စီးတီးအသင်းသည် ရှေ့လာမည့် ကွာတားဖိုင်နယ် အဆင့်တွင် မစ်ဒယ်ဘရော့နှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်ကာ ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော အင်္ဂလန်လက် ရွေးစင်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာကမူ ဘရာဗိုမှာ ပရီးမီးယားလိဂ် ကစားဟန်နှင့် အံဝင်ရန် အချိန်များစွာ ယူရလိမ့်ဦးမည်ဟု ထောက်ပြပြောကြားထားသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် တိုရီနိုထံသို့ အငှားချထားသည့် ဂိုးသမား ဂျိုးဟတ်ကို အပြီးသတ် ရောင်းထုတ်ရန် စီစဉ်နေပြီဖြစ်ကာ ဂျိုးဟတ်ကို ဝယ်ယူရန် လီဗာပူးနှင့် အာဆင်နယ်တို့က စောင့်ကြည့်မှုများ ရှိနေပြီလည်း ဖြစ်သည်။

ဂွါဒီယိုလာသည် ဘရာဗို၏ လက်စွမ်းကို စိတ်မချသည့်အတွက် ဥရောပအဆင့် ထိပ်တန်းဂိုးသမားတစ်ဦး ခေါ်ယူရန်လည်း ပြင်ဆင်ဆောင်ရွက်နေသည်။

From : The Voice Myanmar

Originally published at - http://thevoicemyanmar.com/sports/6647-ptm


No comments:

Post a Comment