မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 2, 2017

မြန်မာဘောလုံး အဖွဲ့ချုပ် နိုင်ငံတကာ ပြိုင်ပွဲများ အတွက် ဒေါ်လာ ၆ သန်းခန့် သုံးစွဲမည်




မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) ဟာ ၂၀၁၇ ခုနှစ် အတွင်း ယှဉ်ပြိုင် ကစားမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေ အတွက် အမေရိကန် ဒေါ်လာ ၆ သန်းခန့် ငွေကြေး သုံးစွဲ သွားဖို့ စီစဉ် ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲတွေနဲ့ ဖိတ်ခေါ်ပြိုင်ပွဲတွေ လက်ခံကျင်းပဖို့ စီစဉ်ထားပြီး တနှစ်စာ ဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၆ သန်းလောက် ငွေကြေးသုံးစွဲဖို့ စီစဉ်ထားတာပါ။

စပွန်ဆာရရှိမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၄ သန်းကျော် ရရှိထားတာကြောင့် လိုနေတဲ့ ငွေကြေးအတွက် စပွန်ဆာကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ အမ်အက်ဖ်အက်ဖ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

“ကျနော်တို့ ၂၀၁၇ ခုနှစ်အတွက် ဘတ်ဂျက်ခန့်မှန်းခြေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ သန်းကျော်လောက် သုံးဖို့ရှိတယ်။ အဲဒီမှာ ၄ ဒသမ ၅ သန်းလောက်က ဝင်ငွေအနေနဲ့ ရဖို့ရှိတယ်။

ဝင်ငွေအနေနဲ့ ရရှိတာမှာ ဖီဖာရဲ့ ထောက်ပံ့ငွေဖြစ်တဲ့ ဒေါ်လာ ၅ သိန်း ကျနော်တို့ ရပါတယ်။ နောက်ပြီးတော့ မြန်မာဘီယာက မိန်းစပွန်ဆာဖြစ်တဲ့အတွက် ရပါတယ်။

100 Plus ရှိပါတယ်။ FPD က ဂျာစီစပွန်ဆာရပါတယ်။ နောက် ပရီမီယာကော်ဖီ ရှိပါတယ်။ ဒါ့အပြင် ကျနော်တို့က မားကက်တင်းကို ဒါ့ထက်ပိုပြီးတော့ တိုးပြီး လုပ်နေတာ ရှိပါတယ်။ ဒါပေမယ့် Marketing Team တွေက Amount နည်းနည်းကြီးတဲ့အခါကျတော့ နည်းနည်းလေး ကြာတယ်။ အခုလက်ရှိ အနေအထား အရတော့ နှစ်ကုန်မှာ ဒေါ်လာ ၁ သန်းခွဲလောက် ကျနော်တို့ လိုနေတယ်။”

ဒီနှစ်အတွင်းမှာ အာရှဖလားခြေစစ်ပွဲ၊ အာရှ ယူ-၂၃ ခြေစစ်ပွဲနဲ့ အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွေနဲ့အတူ ကမ္ဘောဇဘဏ် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲတွေမှာ အိမ်ကွင်းပိတ်ပြစ်ဒဏ်တွေနဲ့ ဒဏ်ငွေချမှတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

“အိမ်ကွင်းပိတ်ခံရတယ်ဆိုတာက နစ်နာမှုက တအားကြီးတယ်။ ကျနော်တို့ ၂၀၁၁ မှာ အိုမန်နဲ့ပွဲမှာဖြစ်တဲ့ အဖြစ်အပျက်ကြောင့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲအားလုံး ယိုးဒယားမှာ ကျင်းပတယ်။ စပွန်ဆာဘက်ကပဲကြည့်ကြည့်၊ အသင်းဘက်ကပဲကြည့်ကြည့်၊ ပရိသတ်ဘက်ကပဲ ကြည့်ကြည့် အစစအရာရာ ဆုံးရှုံးတယ်။

ဆိုတော့ ဆူဇူကီးမှာ ကျနော်တို့ အကောင်းဆုံးဥပမာ ပြပြီးသွားပြီ။ ဒါလေးကို ဆက်ပြီး ထိန်းသွားပြီးတော့ အားပေးသွားမယ်ဆိုရင်၊ ကျနော်တို့အသင်း အခုကျနေတဲ့ အုပ်စုကလည်း အုပ်စုချောင်တယ်လို့ ပြောလို့ရတယ်။ ကာဂျစ်စတန်၊ အိန္ဒိယ၊ မြန်မာနဲ့ မကာအို ဆိုတော့။ အာရှဖလားကို မရောက်တာ နှစ် ၅၀ လောက်ရှိသွားပြီ။

ကျနော်တို့နဲ့ လက်တကမ်းပဲ ကွာတော့တယ်ဆိုတော့ အားလုံးဝိုင်းပြီးတော့ ပံ့ပိုးလိုက်မယ်ဆိုရင် အသင်းကလည်း ကစားရတာ အဆင်ပြေမယ်။

ပရိသတ်လည်း ပျော်ရွှင်မှုရမယ်။ ကျနော်တို့အသင်းလည်း သမိုင်းတွင်မယ့် ဒီအာရှဖလားပွဲကို ဝင်ပြိုင်နိုင်မယ်ပေါ့နော်။ အဲဒီတော့ ပရိသတ်တွေအနေနဲ့ အားပေးပါ။

ပြီးတော့ စည်းကမ်းရှိရှိ အားပေးပါပေါ့နော်” လို့ ဦးဘုန်းနိုင်ဇော်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်အတွင်းမှာ ပထမဆုံး နိုင်ငံတကာပွဲစဉ်အဖြစ် အာရှဖလား ခြေစစ်ပွဲစဉ်တွေကို လက်ခံကျင်းပရမှာ ဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းက အိန္ဒိယအသင်းနဲ့ မတ်လ ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားရမှာပါ။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/192361


No comments:

Post a Comment