ဘန်လေနဲ့ လီဗာပူးလ် အိမ်ကွင်း အန်ဖီးလ်မှာ ပွဲစဉ် ၂၈ ယှဉ်ပြိုင် ကစားနေစဉ်။ |
မတ် ၁၅ – သည် တစ်ပတ် ကတော့ အသင်း အားလုံး စုံကာ ၁၀ ပွဲစလုံး ကစား ကြမှာပါ။ အသင်းကြီး တော်တော် များများ အဝေးကွင်း ပွဲကျပ်တွေ ကစား ရဖို့ ရှိနေပြီး မန်စီးတီးနဲ့ လီဗာပူးလ် ထိပ်တိုက်ပွဲ ကလည်း စိတ်လှုပ်ရှား စရာ ဖြစ်လာဖို့ ရှိပါတယ်။
ပထမ အကျော့မှာ အသည်း အသန် ကစားခဲ့ ရပြီးမှ အနိုင်ရခဲ့တဲ့ အသင်းတွေကို အဝေးကွင်းမှာ ပြန်ရင်ဆိုင် ရမယ့် မန်ယူ၊ အာဆင်နယ်တို့ ပွဲတွေ ကလည်း အကြိတ် အနယ် မြင်တွေ့ ရမှာပါ။
တန်းဆင်းဇုန်ထဲက ဆန်းဒါးလန်း၊ မစ်ဒယ်ဘရော့၊ ဟားလ်စီးတီးတို့ရဲ့ ရုန်းကန် ကစားပုံတွေ ကိုလည်း သည်တစ်ပတ် တွေ့မြင်ရဖို့ ရှိပါတယ်။
ဝက်စ်ဘရွန်း Vs အာဆင်နယ်
ပထမအကျော့မှာ အာဆင်နယ် ၁-ဝ နဲ့ ကပ်နိုင်ခဲ့ပြီး အကြိတ်အနယ်ဖြစ်ခဲ့ တယ်။ ဝက်စ်ဘရွန်းက ပဲလေ့စ်နဲ့ အဲဗာတန်ကို နှစ်ပွဲဆက် ရှုံးခဲ့လို့ သည်ပွဲမှာ ရှုံးပွဲ မဆက် ရအောင် ကြိုးစား ကစားလာဖို့ ရှိတယ်။ အာဆင်နယ် ကလည်း မန်ယူနဲ့ တစ်မှတ်သာ ကွာတဲ့ အခြေအနေမှာ နည်းနည်းမှ အမှားခံလို့မရဘူး။
မနှစ်က ဝက်စ်ဘရွန်းကွင်းမှာ ၂-၁ နဲ့ရှုံးခဲ့လို့ အာဆင်နယ်အသင်းသတိကြီး ကြီးထားကစားရဦးမှာပါ။ ဝက်စ်ဘရွန်းက သည်နှစ်လည်း အိမ်ကွင်းမာကျော တဲ့အသင်း အဖြစ် ဆက်ရှိနေပြီး အာဆင်နယ်ကို ဒုက္ခပေးနိုင်တယ်။ ခြေစွမ်းပုံမှန်မဟုတ်သေးတဲ့ အာဆင်နယ်အတွက်သည်ပွဲက သရေလောက်နဲ့ပဲ ကျေနပ်ရနိုင်တယ်။
ပဲလေ့စ် Vs ဝက်ဖို့ဒ်
ပဲလေ့စ်က နှစ်ပွဲဆက်အနိုင်ရပြီး တန်းဆင်းဇုန်ထဲက ရုန်းထွက်လာနေတယ်။ ဝက်ဖို့ဒ်ကတော့ သုံးပွဲဆက်နိုင်ပွဲပျောက်နေတုန်းပဲ။ ပထမအကျော့ ဝက်ဖို့ဒ် ကွင်းမှာ ၁-၁ သရေကျခဲ့ပြီး ခြေညီတယ်။ ခြေစွမ်းနဲ့လက်ရှိစိတ်ဓာတ်ပိုင်းအရ ပဲလေ့စ်က ဝက်ဖို့ဒ်ကိုကောင်းကောင်းယှဉ်ကစားနိုင်ပြီး သည်ပွဲမှာလည်း ဝက်ဖို့ဒ်နိုင်ပွဲ ဆက်ပျောက်နေ ဦးမှာ။ ပဲလေ့စ်သရေနဲ့ အနိုင်တစ်ခုခုပဲ။
အဲဗာတန် Vs ဟားလ်စီးတီး
အဲဗာတန်ကတော့အကောင်းဆုံးခြေစွမ်းရနေတယ်လို့ဆိုရမယ်။ နောက်ဆုံး ရှစ်ပွဲမှာ စပါးတစ်သင်းတည်းကိုသာရှုံးခဲ့တယ်။ ဟားလ်စီးတီးလည်း နောက်ဆုံးပွဲမှာ အနိုင်ရထားလို့ တန်းဆင်းဇုန်ကရုန်းထွက်ဖို့မျှော်လင့်ချက် ပြန်ရှိလာတယ်။ ပထမအကျော့မှာ၂-၂ သရေကျခဲ့ပြီး နောက်ဆုံးဆုံခဲ့တဲ့ ဟားလ်စီးတီးကွင်းပွဲမှာလည်း အဲဗာတန် ၂-ဝ နဲ့ရှုံးခဲ့တယ်။ ဒါကြောင့် အဲဗာ တန်ပေါ့လို့ မရပါဘူး။ မန်ယူနဲ့အမှတ်ပြန်ကပ်လာတဲ့ အဲဗာတန်အနိုင်သုံး မှတ်ယူပြီး ဖိအားဆက်ပေးနိုင်ဖို့ကြိုးစားရမှာပါ။ တန်းဆင်းဇုန်ရုန်းအားရှိနေတဲ့ ဟားလ်စီးတီးကို အဲဗာတန်ခက်ခက်ခဲခဲကစားရဖို့ရှိပေမဲ့ အနိုင်ရဖို့လည်း ရှိနေတယ်။
စတုတ် Vs ချယ်လ်ဆီး
အမြင့်ပျံချယ်လ်ဆီးအတွက်တော့ ဘာဖိအားမှများများစားစားမရှိပါဘူး။ စတုတ်ကိုလည်း ပထမအကျော့မှာ ၄-၂ နဲ့အနိုင်ယူထားတယ်။ တစ်ခုရှိ တာက စတုတ်က သည်ရာသီမှာအိမ်ကွင်းခြေစွာပြီး ချယ်လ်ဆီးကိုလည်း နောက်ဆုံးဆုံခဲ့တဲ့ အိမ်ကွင်းပွဲနှစ်ပွဲမှာ အနိုင်ယူထားတယ်။ နောက်ဆုံးပရီးမီး ယားလိဂ်ပွဲမှာလည်း မန်စီးတီးကိုသရေကစားခဲ့တဲ့ စတုတ်ရဲ့ ခြေစွမ်းက အသိအမှတ်ပြုရမယ်။ ချယ်လ်ဆီးကတော့ ဘာဖိအားမှမရှိနေတာက သူ့အ တွက်အားသာချက်ပါပဲ။ ဒါပေမဲ့ စတုတ်ကွင်းမှာ ရုန်းကန်ရတတ်တဲ့ အခြေ အနေရှိနေလို့ သည်ပွဲသရေကျသွားနိုင်တယ်။
ဆန်းဒါးလန်း Vs ဘန်လေ
သည်ပွဲကတော့ နိုင်ပွဲပျောက်နေကြတဲ့ နှစ်သင်းအမှတ်လုရမယ့်ပွဲပါ။ ဆန်းဒါး လန်းကအောက်ဆုံးကနေ ရုန်းထွက်ဖို့အတော်လေးကို ကြိုးစားမှရမယ့်အ ခြေအနေပါ။ဘန်လေကလည်း ငါးပွဲဆက်နိုင်ပွဲမရှိဘဲ ခြေပျက်နေတယ်။ ပထမအကျော့မှာ ဘန်လေက ၄-၁ နဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့ပြီး အက်ဖ်အေဖလားပွဲမှာလည်း ဘန်လေပဲအနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ဆန်းဒါးလန်း အိမ်ကွင်းမှာ ဘန်လေအနိုင်မရတာ ခုနစ်ပွဲဆက်တိုက်ရှိနေပြီ။ သည်တော့ ဖိ အားအောက်က ရုန်းထွက်လာမယ့်ဆန်းဒါးလန်း အိမ်ကွင်းမှာအောင်ပွဲခံသွားဖို့ များတယ်။
ဝက်စ်ဟမ်း Vs လက်စတာ
ဝက်စ်ဟမ်းက လေးပွဲဆက်နိုင်ပွဲပျောက်နေချိန်မှာ လက်စတာက နှစ်ပွဲဆက် အနိုင်ရပြီး ချန်ပီယံလိဂ်မှာလည်း အောင်ပွဲခံထားလို့စိတ်ဓာတ်တက်နေ တယ်။ ပထမအကျော့မှာလည်း လက်စတာပဲအနိုင်ယူခဲ့တယ်။ ဝက်စ်ဟမ်း တိုက်စစ်မညံ့ပေမဲ့ ခံစစ်ပိုင်းကအားရစရာမရှိဘူး။ တိုက်စစ်မှူးတွေ ဂိုးပေါက်ပြန်တွေ့လာတဲ့ လက်စတာအသင်းကို ဝက်စ်ဟမ်းခံစစ်မနည်းထိန်း ချုပ်ရမယ်။ ဝက်စ်ဟမ်းသရေရရင် ကံကောင်းတယ်လို့ ပြောရမယ့်ပွဲပဲ။
ဘုန်းမောက် Vs ဆွမ်ဆီး
ပထမအကျော့ဆွမ်ဆီးကွင်းမှာ ဘုန်းမောက်က ဝ-၃ နဲ့ အနိုင်ယူခဲ့လို့ ဆွမ် ဆီးသတိကြီးကြီးထားရမယ့်ပွဲပါ။ ဘုန်းမောက်က နိုင်ပွဲပြန်ရှာတွေ့လိုက်လို့ တန်းဆင်းဇုန်နဲ့ မလွတ်ကင်းသေးတဲ့ ဆွမ်ဆီးအတွက် စိုးရိမ်စရာပွဲဖြစ် ပါတယ်။ အစဉ်အလာမှာလည်း ဘုန်းမောက်ကို ဆွမ်ဆီးအသာမရပါဘူး။ အထူးသဖြင့် ဘုန်းမောက်ကွင်းမှာဆို ဆွမ်ဆီးကစားရ အမြဲတမ်းခက်ပါတယ်။ ဒါပေမဲ့ လက်ရှိဆွမ်ဆီးရဲ့ခြေစွမ်းကလည်း မာကျောထက်မြက်လို့သရေ လောက်တော့ခံကစားသွားနိုင်တယ်။
မစ်ဒယ်ဘရော့ Vs မန်ယူ
ပထမအကျော့မှာ မန်ယူအသည်းအသန်ကစားပြီးမှအနိုင်ရခဲ့တယ်။ လောလောဆယ် မစ်ဒယ်ဘရော့က နိုင်ပွဲတောက်လျှောက်ပျောက်ပြီး တန်းဆင်းဇုန်ထဲရောက်နေတယ်။ မန်ယူကတော့ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းဆက် ထိန်းထားတုန်းပဲဆိုရမယ်။ ဒါပေမဲ့ သည်ပွဲမှာ အီဘရာဟီမို ဗစ်ပါမှာ မဟုတ်သေးလို့ အားနည်းချက်တော့ရှိနိုင်တယ်။ ဒါပေမဲ့ မစ် ဒယ်ဘရော့က ပိုပြီးအားနည်း၊ ခြေစွမ်းပိုညံ့တဲ့ အသင်းဖြစ်လို့ မန်ယူအဝေးကွင်းမှာ အနိုင်သုံးမှတ် ယူပြီး အာဆင်နယ်နဲ့ လီဗာပူးလ်ကိုဆက်လက် ဖိအားပေးနိုင်ပါ လိမ့်မယ်။
စပါး Vs ဆောက်သမ်တန်
သည်ပွဲက ပွဲကောင်းတစ်ပွဲပါ။ စပါးအနေနဲ့ မန်စီးတီးပွဲကျပ်တိုးနေချိန်မှာ အခွင့်အရေးရအောင်ယူဖို့လိုနေပြီး ဆောက်သမ်တန်ကတော့ ပထမအကျော့ ၁-၄ အရှုံး ကို အကြွေးပြန်ဆပ်ဖို့ ကြိုးစားရမှာပါ။ ဒါပေမဲ့ စပါးအိမ်ကွင်းမှာ ဆောက်သမ်တန်ကို အသာစီးကစားဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဥရောပပွဲတွေက ထွက်လိုက်ရပြီဖြစ်တဲ့ စပါးကတော့ ပရီးမီးယားလိဂ်ကို အာရုံပိုစိုက်လာပါတော့မယ်။ ခက်ခဲမယ့်ပွဲဖြစ်ပေမဲ့ စပါးအတွက်အနိုင်သုံးမှတ်ကသေချာ တယ်။
မန်စီးတီး Vs လီဗာပူးလ်
သည်တစ်ပတ်ရဲ့အကောင်းဆုံးပွဲပါပဲ။ တစ်မှတ်သာကွာတဲ့ အသင်းတွေဖြစ်ပြီး မန်စီးတီးသာရှုံးခဲ့ရင် အဆင့်ပြုတ်ကျဖို့ရှိနေလို့ နှစ်သင်းစလုံးရေကုန်ရေခန်း ကစားရမှာပါ။ ပထမအကျော့မှာ လီဗာပူးလ်က ၁-ဝ နဲ့ အနိုင်ရခဲ့ပြီးသည် ရာသီလီဗာပူးလ်က အသင်းကြီးတွေကို အကောင်းဆုံးပုံစံနဲ့ ကစားထားနိုင်လို့ မန်စီးတီးသတိ ကြီးကြီး ထားရမယ့် ပွဲဖြစ်ပါတယ်။ အစဉ်အလာမှာလည်း လီဗာပူးလ်ကို မန်စီးတီးမယှဉ်နိုင်ခဲ့ဘူး။ ချန်ပီယံလိဂ်ပွဲကစားခဲ့ရလို့ မန်စီးတီး ပွဲပန်းနေမှာ ဖြစ်တဲ့အတွက် လီဗာပူးလ်အခွင့်အရေး ပိုရသွားနိုင်တယ်။ မန်စီးတီးအနိုင်မရနိုင်တဲ့ပွဲပါပဲ။
From : ကုမုဒြာဂျာနယ် by 4cus
Originally published at - http://www.kumudranews.com
No comments:
Post a Comment