မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 19, 2017

မလေးရှား ဆီးဂိမ်းတွင် ရွှေတံဆိပ် ၂ ဆု မျှော်မှန်းသည့် မြန်မာ ပိုက်ကျော်ခြင်း




မြန်မာ ပိုက်ကျော်ခြင်း အားကစား အဖွဲ့ အနေနဲ့ လာမယ့် မလေးရှား ဆီးဂိမ်းမှာ ပြိုင်ပွဲ အမျိုး အစား ၅ မျိုး ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရွှေတံဆိပ် ၂ ဆုရရှိဖို့ မျှော်မှန်း ထားပါတယ်။

အမျိုးသား ၂ ယောက်တွဲ၊ ၄ ယောက်တွဲ၊ ၂ ယောက်တွဲ အသင်းလိုက်နဲ့ အမျိုးသမီး ၂ ယောက်တွဲ၊ ၄ ယောက်တွဲ တို့ကို ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသား ၁ ဆု၊ အမျိုးသမီး ၁ ဆု ရွှေတံဆိပ် မျှော်မှန်း ထားတာပါ။

ပိုက်ကျော်ခြင်းအားကစားအဖွဲ့ဟာ လက်ရှိအချိန်မှာတော့ ပဏာမလူစာရင်းသာ ရွေးချယ်ရသေးပြီး လက်ရွေးစင်ဟောင်းတွေနဲ့ လူငယ်မျိုးဆက်သစ် ကစားသမားတွေ တွဲဖက်ပြီး ယှဉ်ပြိုင်သွားမှာပါ။

ပိုက်ကျော်ခြင်း အားကစားအဖွဲ့အနေနဲ့ မလေးရှားဆီးဂိမ်းမှာ အိမ်ရှင်အပြင် တိုးတက်လာတဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းတွေနဲ့ ရင်ဆိုင်ရပါက အနည်းငယ် အခက်အခဲ ရှိနိုင်ပါတယ်။

လက်ရွေးစင်ကစားသမားဟောင်းတဝက်နဲ့ မျိုးဆက်သစ်ကစားသမားတွေ ပါဝင်တဲ့ အားကစားအဖွဲ့ဟာလည်း မလေးရှားနိုင်ငံမှာ ပြုလုပ်နေတဲ့ ဆီးဂိမ်းအကြိုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသလို ကျန်ကစားသမားတွေကလည်း နေပြည်တော်မှာရှိတဲ့ အားကစား လေ့ကျင့်ရေးကွင်းတွေမှာ အင်အားပြည့် စခန်းသွင်းလေ့ကျင့်နေပါတယ်။

၎ ယောက်တွဲ ကစားနည်းဟာ အခုနှစ် ဆီးဂိမ်းမှာ ထည့်သွင်းကျင်းပမှာ ဖြစ်ပေမယ့်လည်း သဲသောင်ပြင် ပိုက်ကျော်ခြင်း အတွေ့အကြုံတွေ ရရှိထားဖူးတဲ့အတွက် အခက်အခဲတော့ မရှိနိုင်ဘူးလို့ နည်းပြ ဦးသိန်းဇော်မြင့်က ပြောပါတယ်။

ပိုက်ကျော်ခြင်း အားကစားအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ စင်ကာပူဆီးဂိမ်းမှာတော့ ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၃ ဆု ရရှိထားပြီး နိုင်ငံအလိုက်အနေနဲ့ ထိုင်းအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဓာတ်ပုံ - ထက်လူ

From : ဒီဗွီဘီ by ထက်လူ

Originally published at - http://burmese.dvb.no/archives/207425


No comments:

Post a Comment