Thursday, June 1, 2017
ဝင်းဂါး အနေဖြင့် ဆန်းချက်ဇ်နှင့် အိုဇေးလ်ကို ရောင်းချသင့်ဟု မာတင်ကီယွန် ပြော
အာဆင်နယ် အသင်းရဲ့ မန်နေဂျာ အာစင် ၀င်းဂါးဟာ ကစားသမားတွေ ဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ အိုဇေးလ်ကို ရောင်းသင့် တယ်လို့ ကစား သမားဟောင်း မာတင် ကီယွန်က ပြောလိုက် ပါတယ်။
ပြင်သစ် လူမျိုး နည်းပြ ၀င်းဂါးဟာ အသင်းနှင့် ၂ နှစ် သက်တမ်းတိုး ဖို့ သဘော တူညီခဲ့ ပြီးနောက် အသင်း အနေနဲ့ နောက်လာမယ့် ပရီးမီးယားလိဂ် ရာသီမှာ သူ့ဘက်က စိန်ခေါ် မှုတွေ ရှိလာနိုင် တယ်လို့ ပြောခဲ့တာပါ။
ရှေ့တန်း ကစားသမား ဆန်းချက်ဇ်နဲ့ အလယ်တန်း ကစားသမား အိုဇေးလ်တို့ဟာ စာချုပ် သက်တမ်း တနှစ်သာ ကျန်ရှိ နေတာ ဖြစ်ပါတယ်။
“သူတို့ ၂ ယောက်အနေနဲ့ အသင်းကို တာ့တာပြထွက်သွားလိုက်မယ်ဆိုရင် ဒါဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါပဲ”လို့ ကီယွန်က ဘီဘီစီရေဒီယို ၅ လိုက်ဖ်ရုပ်သံကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာ ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ၀င်ခွင့်မရခဲ့တာဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဆန်းချက်ဇ်ဟာ အသင်းမှာ တပတ်လုပ်ခလစာ ပေါင် ၃ သိန်းနဲ့ သဘောတူညီခဲ့ချိန်မှာ အိုဇေးလ်ကတော့ တပတ်လုပ်ခလစာ ပေါင် ၂ သိန်းခွဲပေးတာကို ငြင်းပယ်ထားခဲ့တာပါ။
“အသင်းကို ကိုင်တွယ်တဲ့ မန်နေဂျာတယောက်အနေနဲ့ အခုချိန်မှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချရမယ့်အချိန်ပါပဲ။ ဆန်းချက်ဇ်ရဲ့ စာချုပ်ဟာ ရာနှုန်းပြည့် စိတ်ချရပြီလား။ ဒါတကယ်ဖြစ်လာမလား။ အိုဇေးလ်ကရော တကယ်ပဲ ထွက်သွားမှာလား။ ကျ နော်ထင်တာကတော့ သူတို့ ၂ ယောက်လုံး ထွက်ချင်ကြမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့ ချန်ပီယံလိဂ်ဖလားရချင်မှာပဲလေ”လို့ အာဆင်နယ်အသင်းမှာ ပွဲပေါင်း ၃၀၀ ကျော်ကစားခဲ့တဲ့ ကီယွန်က ဆိုပါတယ်။
အာဆင်နယ်တသင်းထဲမှာပဲ ပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့ဖူးတဲ့ အသင်းခေါင်း ဆောင်ဟောင်း တိုနီအဒမ်စ်ကတော့ အသင်းရဲ့ လက်ရှိကစားသမားတွေဟာ ကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ စိန်ခေါ်မှုတွေအတွက် လုံလောက်အောင် မကောင်းမွန်ဘူးလို့ ပြော လိုက်တာပါ။
“သူ(၀င်းဂါး)က နောက် ၂ နှစ်ဆိုရင်တော့ အသင်းအနေနဲ့ ချန်ပီယံလိဂ်ကို ပြန်ရရှိ အောင်လုပ်ကောင်းလုပ်နိုင်မယ်လို့ တွေးထားမှာပါပဲ။ ဒီလူတွေကို ကြည့်ပါဦး။ ကျနော်တော့ သူတို့လုပ်နိုင်မယ်လို့ မထင်ဘူးဗျ။”
သူ့အနေနဲ့ ၀င်းဂါးကို နောက်ထပ် အချိန် ၂ နှစ်တာကာလအတွင်းမှာ အရှုံးတွေနဲ့ အဆုံးမသတ်သွားစေချင်ဘူးလို့ အဒမ်စ်က ထပ်ပြောပါတယ်။
“ကျနော် နောက်လာမယ့် ၂ နှစ်မှာ ၀င်းဂါးကို ဗီလိန်အဖြစ်ဆက်မြင်နေမှာမျိုး၊ အာ ဆင်နယ်အသင်းအတွက် ဆိုးဝါးတဲ့သူတဦးအဖြစ်မြင်နေကြမှာမျိုးကို မလိုလားပါဘူး။ ဒါ ဟာ မှားယွင်းမှုပါ။ သူဟာ အသင်းကို တောက်ပလာအောင်လုပ်ပေးခဲ့သူပါပဲ”
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/209996
Subscribe to:
Post Comments (Atom)
No comments:
Post a Comment