မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 6, 2017

ကရင်ပြည်နယ်၏ ဂုဏ်ဆောင်​လက်ဝှေ့ ချန်ပီယံများကို ထိုက်ထိုက် တန်တန် ဆုချီးမြှင့် သွားမည်




တိုင်းနဲ့ ပြည်နယ် လက်ဝှေ့ ပြိုင်ပွဲ ကနေ ကရင်ပြည်နယ်ရဲ့ ဂုဏ်ဆောင် လာမယ့် လက်ဝှေ့ ချန်ပီယံ တွေကို ထိုက်ထိုက် တန်တန် ဆုချီးမြှင့် သွားမယ်လို့ ပြည်နယ် အားကစားနှင့် ကာယ ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ မိုးလုံလေလုံ ပြည်နယ်အားကစားရုံမှာ ဇွန်လ ၅ ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား မြို့နယ်နှင့် ကလပ်ပေါင်းစုံ ရိုးရာလက်ဝှေ့ ပြိုင်ပွဲ ပြည်နယ်အားကစားနှင့် ကာယကော်မတီဥက္ကဋ္ဌ ဦးတေဇလှိုင်ထွဋ် (ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး)က ပြောဆိုလိုက်တာပါ။

“ပြည်နယ်အတွက် လက်ရွေးစင်တွေကို ရွေးချယ်တဲ့ပြိုင်ပွဲ ဖြစ်သလို ဒီနှစ်မှာ ၇ မြို့နယ်ထဲက ပြိုင်ပွဲဝင်တွေအပြင် ပြည်နယ်မှာရှိတဲ့ လက်ဝှေ့ကလပ်တွေကိုပါ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စေပြီး ရွေးချယ်တာပါ။ ဒီနှစ် လူရွေးချယ်မူကို မနှစ်က အတွေ့အကြုံတွေကို ယူပြီး လက်ရွေးစင်တွေကို သေချာစိစစ် ရွေးချယ်သွားမှာပါ။ တိုင်းနဲ့ ပြည်နယ်ပြိုင်ပွဲမှာ ပြည်နယ်ရဲ့ ဂုဏ်ဆောင်လာမယ့် လက်ဝှေ့ချန်ပီယံတွေကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမယ်။”

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကနေ အနိုင်ရ အားကစားသမား တွေကို ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်ကာ ဇူလိုင် ၁၅ ရက်နေ့မှာ ကျင်းပမယ့် တိုင်းနဲ့ ပြည်နယ် လက်ဝှေ့ပြိုင်ပွဲမှာ ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဇွန် ၅ ရက်နေ့ ပြိုင်ပွဲမှာ ပွဲစဉ် ၁၁ ပွဲ ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကို မြို့နယ် ၃ မြို့နယ်၊ ကလပ်အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ လက်ဝှေ့ပြိုင်ပွဲဝင် ၆၈ ဦးက လူသစ်တန်း၊ ၅၄ ကီလို၊ ၅၇ ကီလိုနဲ့ (ဂ) အဆင့်ပြိုင်ပွဲမှာ ၄၈ ကီလို၊ ၅၁ ကီလို၊ ၅၄ ကီလို၊ ၆၀ ကီလို၊ ၆၃.၅ ကီလိုတန်းအလိုက် သတ်မှတ်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲကို ဇွန် ၇ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်နေ ဦးပန်းညွန့်က “ပြည်နယ်အစိုးရအနေနဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေကို မကျင်းပတာကြာပြီ။ အခုအစိုးရသစ်လက်ထက်မှာ ပြိုင်ပွဲတွေ ကျင်းပပေးတော့ ရိုးရာလက်ဝှေ့ပွဲတွေ မပျောက်ပျက်တော့ဘူးပေါ့။ ကရင်ပြည်နယ်မှာ လက်ဝှေ့ကျော်တွေ အများကြီးပေါ်ထွန်းခဲ့တယ်။ အခုလည်း ရှိနေသေးတယ်။ မျိုးဆက်သစ် လူငယ်တွေအတွက် ယခုလို ကျင်းပပေးတဲ့အတွက် ကောင်းပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်”လို့ ပြောပါတယ်။

သတင်း – ရဲမင်းခေါင်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/210732

No comments:

Post a Comment