မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 27, 2016

အာရှ ယူ ၂၃ ဘောလုံးပွဲ တောင်ကိုရီးယားနှင့် ဂျပန် ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)




ကာတာနိုင်ငံ ဒိုဟာမှာ ကျင်းပနေတဲ့ အာရှ ဘောလုံး အဖွဲ့ချုပ်ရဲ့ ယူ ၂၃ ဘောလုံး ပြိုင်ပွဲ ဆီမီး ဖိုင်နယ် ပွဲစဉ်တွေမှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။

ဇန်န၀ါရီ ၂၆ ရက်က ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ တောင်ကိုရီးယား အသင်းက အိမ်ရှင် ကာတာကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိ သွားတာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ၂ သင်းလုံး ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ၄၈ မိနစ်မှာ ကာတာဂိုးသမားရဲ့ အမှားကို အခွင့်ကောင်းယူပြီး တောင်ကိုရီးယားက ဗွေဆော်ဦးဂိုး သွင်းယူခဲ့ပါတယ်။

ဒီနောက် ကာတာအသင်းက ၇၉ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပေမယ့်လည်း သရေကို မထိန်းနိုင်ဘဲ ၈၉ မိနစ်နဲ့ နာကျင်အချိန်ပိုတွေမှာ ဒုတိယနဲ့ တတိယဂိုး ပြန်ပေးလိုက်ရတာ ဖြစ်ပါတယ်။



ဇန်န၀ါရီ ၂၆ ရက်နေ့မှာပဲ ယှဉ်ပြိုင်တဲ့ တခြားဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဂျပန်အသင်းက အီရတ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်း ၂၆ မိနစ်မှာ ဂျပန်အသင်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ၄၃ မိနစ်မှာ အီရတ်က ပြန်လည် ချေပသွားတဲ့အတွက် ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ဒုတိယပိုင်း နာကျင်အချိန်ပိုမှာတော့ ဂျပန်က ဒုတိယဂိုး သွင်းယူခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ဗိုလ်လုပွဲကိုတော့ ဇန်န၀ါရီ ၃၀ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၂၉ ရက်မှာတော့ တတိယလုပွဲအဖြစ် အီရတ်နဲ့ ကာတာတို့ ကစားရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယရတဲ့ အသင်းကတော့ ၂၀၁၆ ခုနှစ် ဘရာဇီးမှာ ကျင်းပမယ့် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132494


No comments:

Post a Comment