
ဆောက်သမ်း မြန်မာနည်းပြ ဦးမြလွင် (ဓာတ်ပုံ - ရွှေဘုတ်)
ဖေဖော်ဝါရီ ၂၄ ၊ ရန်ကုန်
၂၀၁၆ မြန်မာ နေရှင်နယ် လိဂ်တွင် ရလဒ် ဆိုးဝါးကာ အမှတ်ပေး ဇယား အောက်ခြေတွင် ရပ်တည် နေသည့် ဆောက်သမ်း မြန်မာအသင်း အနေဖြင့် ဒုတိယ အကျော့တွင် နိုင်ငံခြားသား ကစားသမားများ မခေါ်ယူဖြစ် ပါက တန်းမဆင်းရန် အာမ မခံနိုင် ဟု နည်းပြချုပ် ဦးမြလွင်က ဆိုသည်။
ဆောက်သမ်း မြန်မာ အသင်းသည် ပြီးခဲ့သည့် ၂၀၁၅ ဘောလုံး ရာသီတွင် လိဂ်-၂ သို့ တန်းဆင်း ခဲ့ရသော်လည်း ၂၀၁၆ ခုနှစ်တွင် တန်းပြန် တက်လာနိုင် ခဲ့ကာ လက်ရှိ တွင်မူ တန်းဆင်းဇုန် အတွင်း ပြန်လည် ကျရောက်နေသည်။
“ အသင်းက လက်ရှိ မှာတော့ ရလဒ်ပိုင်းရော စိတ်ဓာတ် ပိုင်းပါ ပြင်ဆင်ဖို့ လိုနေ ပါတယ်။ ဟံသာဝတီ နဲ့ပွဲ သရေ တစ်မှတ် ရအောင် လုပ်နိုင်တဲ့ အတွက်တော့ ကစားသမားတွေကို ချီးကျူး ပါတယ်။
လာမယ့် ရန်ကုန်နဲ့ ပွဲမှာလည်း အမှတ် ရအောင်တော့ ကြိုးစား သွားမှာပါ။ အသင်းက ကစားသမားတွေ အသက်အရွယ် အရ အကျပိုင်း ရောက်နေပါပြီ။ လိုအပ်တဲ့ နေရာကို နိုင်ငံခြား သားတွေ ဖြည့်ဖို့ လိုပါတယ်။
ဒု-အကျော့မှာ ဖြည့်ဖို့လည်း ပြောထား ပါတယ်။ တကယ်လို့သာ နိုင်ငံခြားသား မခေါ်ဖြစ် ခဲ့ရင်တော့ လက်ရှိ လူအင်အား အရ ရာသီကုန်မှာ တန်းမဆင်းဖို့ အာမ မခံနိုင်ပါဘူး ” ဟု ဆောက်သမ်း မြန်မာ အသင်း နည်းပြချုပ် ဦးမြလွင်က ပြောသည်။
ဆောက်သမ်း မြန်မာ အသင်းသည် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲ ကစားပြီး ချိန်၌ နိုင်ပွဲ တစ်ပွဲမှ မရရှိသေးပဲ နှစ်ပွဲ သရေ ငါးပွဲရှုံး ရလဒ်ဖြင့် ရမှတ် နှစ်မှတ်သာ ရရှိ ထားပြီး အမှတ်ပေး ဇယား အောက်ဆုံးတွင် ရပ်တည် ထားသလို လာမည့် ပွဲစဉ် ၈ ပွဲ စဉ်၌လည်း ရန်ကုန် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/11593

No comments:
Post a Comment