
ချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမ အကျော့ ပွဲစဉ် အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ ရိုမေးနီးယား ကလပ် စတူအာ ဘူခါရက်တို့ သြဂုတ် ၁၆ ရက်ညက ယှဉ်ပြိုင် ကစား ခဲ့ရာ မန်စီးတီး အသင်းက အဝေးကွင်းမှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စု အဆင့်ရောက်ဖို့ စိတ်ချရ သလောက် ရှိသွားပြီ ဖြစ်ပါတယ်။
မန်စီးတီးအတွက် ဂိုးတွေကို ၁၃ မိနစ်မှာ ဒေးဗစ်ဆေးလ်ဗား၊ ၄၉ မိနစ်မှာ နိုလီတိုနဲ့ ၄၁၊ ၇၈ နဲ့ ၈၉ မိနစ်တွေမှာ အဂွဲရိုးက ဟက်ထရစ် သွင်းယူခဲ့တာပါ။
ဒီပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ အဂွဲရိုးဟာ ၈ မိနစ်နဲ့ ၂၁ မိနစ်တွေမှာ ရရှိခဲ့တဲ့ ပယ်နယ်တီ နှစ်ကြိမ်ကို လွဲချော်ခဲ့တာကြောင့်လည်း ဒီ့ထက် ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။
အခြားပွဲစဉ်တွေမှာ ဂျာမန်ကလပ် မိုချန်ဂလာဘတ်က အဝေးကွင်းမှာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်ကို ၃ ဂိုး ၁ ဂိုး၊ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်က ဆိုက်ပရပ်စ်ကလပ် အေပိုးနီကိုးရှားကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရခဲ့ပါတယ်။
နယ်သာလန်ကလပ် အေဂျက်နဲ့ ရုရှားကလပ် အက်ဖ်စီ ရော့စ်တော့ဗ်တို့ပွဲမှာ ၁ ဂိုးစီ သရေ၊ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်နဲ့ သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်တို့ ပွဲမှာလည်း ၁ ဂိုးစီသရေ ရလဒ် အသီးသီးထွက်ခဲ့ပြီး အနိုင်အရှုံး ပြတ်သားခြင်း မရှိတာကြောင့် ဒုတိယအကျော့အထိ အကြိတ်အနယ် ရှိနေဦးမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164169

No comments:
Post a Comment