မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 1, 2016

မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ ပြိုင်ပွဲတွင် လက်ရွေးစင် ယူ-၁၆ အသင်း ချန်ပီယံ ဆုရ




မြန်မာ နေရှင်နယ်လိဂ် ယူ-၁၈ ပြိုင်ပွဲမှာ လက်ရွေးစင် ယူ-၁၆ အသင်းက ချန်ပီယံဆု ရယူနိုင် ခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်ကို အောက်တိုဘာ ၃၀ ရက်က ယှဉ်ပြိုင် ကစားခဲ့ပြီး လက်ရွေးစင် ယူ-၁၆ အသင်းက အားကစားနဲ့ ကာယ ပညာသိပ္ပံ (က) အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ခဲ့တာကြောင့် လိဂ်ချန်ပီယံ ဆု ရယူနိုင် ခဲ့တာပါ။

ပွဲစဉ် ၃၀ အပြီးမှာ မြန်မာယူ-၁၆ နဲ့ အားကစားနဲ့ ကာယပညာသိပံ္ပအသင်းတို့ ရမှတ် ၈၄ မှတ်ချင်း တူညီခဲ့ပေမယ့် မြန်မာယူ-၁၆ အသင်းက ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံဖလား ရယူနိုင်ခဲ့တာပါ။

မြန်မာယူ-၁၆ ဘောလုံးအသင်း နည်းပြချုပ် ဦးညီညီလတ်က “ကျနော့်အသင်းက ၁၆ နှစ်အောက် လူငယ်တွေ အများစုနဲ့ စုဖွဲ့တဲ့ အသင်း ဖြစ်တဲ့ အတွက်ကြောင့် ပလေယာရဲ့ ပါဖောမန့် အတက်အကျ တော်တော်ဂရုစိုက်ရတယ်။

အခုဆိုရင် အား/ကာသိပ္ပံဆိုလည်း အရမ်းခွန်အားရှိပြီး ဘောလုံးကောင်းတဲ့ ဘောလုံးသမားတွေ ပိုင်ဆိုင်ထားတဲ့ အသင်းပေါ့နော်။

သူတို့ အေ အသင်း၊ မြဝတီအသင်း၊ တက္ကသိုလ် အကုန်လုံး အသင်းတွေက အရည်အချင်းရှိကြတယ်။ ဘာလို့လဲဆိုရင် လူငယ်တွေဖြစ်တယ်။

တွေ့လိုက်တိုင်း လျှော့မပေးဘူး။ ဒီနေ့ပွဲနိုင်မှ၊ အခုလိုနိုင်မှ ချန်ပီယံဖြစ်ခွင့်ရမယ့် အနေအထားဖြစ်တော့ တပွဲမှ မရှုံးခဲ့ဘူး။ ၃ ပွဲ သရေကျဖူးတယ်။ မြဝတီရယ်၊ ဒဂုံရယ်၊ အား/ကာသိပံ္ပ သူတို့ရဲ့ ဘီအသင်းမှာ။ အဲဒါဆိုတော့ ကျနော်တို့ နည်းပြတွေရော ပလေယာတွေရော ဒါတွေက တော်တော်ခက်ခဲတယ်ပေါ့နော်။

သူတို့ ၁၁ ယောက်လုံး ကွင်းတဝက်မှာ လုံးဝ ဘေးကန်ထုတ်ပြီး ကစားတဲ့အဆင့်ထိ ကျနော်တို့ ကစားခံခဲ့ရတယ်။ ဒါကတော့ ကျနော့်ကြောင့်ထက် ကစားသမားတွေရဲ့ ကြိုးစားမှုက ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း ရှိပါတယ်” လို့ ပြောပါတယ်။

ယူ-၁၈ လိဂ်ပြိုင်ပွဲမှာ မြဝတီတိုက်စစ်မှူး သက်ဝေမိုးက သွင်းဂိုး ၃၇ ဂိုး သွင်းယူပြီး ဂိုးသွင်းဘုရင်ဆု ရခဲ့ပါတယ်။

မြန်မာယူ-၁၆ အသင်းဟာ လာမယ့် ၂၀၁၇ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတခုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။

ယူ-၁၈ လိဂ်မှာ ချန်ပီယံဖြစ်ခဲ့တာဟာ အသင်းသားအားလုံးရဲ့ စုစည်းညီညွတ်မှုကြောင့် ဖြစ်တယ်လို့ နောက်ဆုံးပွဲမှာ ဟက်ထရစ် ၃ ဂိုး သွင်းခဲ့တဲ့ ဝင်းနိုင်ထွန်းက ပြောပါတယ်။

“ချန်ပီယံဖြစ်တော့ အရမ်းပျော်တာပေါ့။ အသင်းသားတွေအားလုံးနဲ့ အတူတူ ဒီဖလားကို အစောကတည်းက ကိုင်မြှောက်ချင်နေတော့ ကျနော့် ဆန္ဒတွေလည်း ပြည့်မြောက်သွားတာပေါ့။ ကျနော်တို့အသင်းက တသင်းလုံး စုစုစည်းစည်းနဲ့ ကစားတော့ ကျနော်တို့ဖြစ်ချင်တဲ့ ပန်းတိုင်ကို ရောက်တာပေါ့၊ ရည်ရွယ်ချက်ရှိရှိနဲ့။”

မြန်မာယူ-၁၆ အသင်းဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လူငယ် ယူ-၁၈ ပြိုင်ပွဲကိုလည်း ဆက်လက်ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲတွေအတွက် မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းတွေက ခြေစွမ်းခြေစရှိတဲ့ ကစားသမား ၅၀ ဦးလည်း ရွေးချယ်ထားပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/174294

No comments:

Post a Comment