
ဇန်န၀ါရီ ၆၊ အင်္ဂလန် ။ ။ အဲဗာတန် အသင်းသည် ချာလ်တန် အသင်းမှ အင်္ဂလန်ယူ - ၂၀ လက်ရွေးစင် တိုက်စစ်မှူး အဒီမိုလာ လွတ်ခ်မန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်းဖြင့် လေးနှစ်ခွဲ စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။
လွတ်ခ်မန်းသည် ယခုနှစ်ရာသီတွင် ချယ်လ်တန် အသင်း အတွက် ၂၅ ပွဲ ကစားပြီး ၇ ဂိုးသွင်း ယူပေး ထားနိုင်သူ ဖြစ်သည်။
လွတ်ခ်မန်းအတွက် အဲဗာတန်အသင်း ပေးချေခဲ့ရသည့် ပြောင်းရွှေ့ကြေးသည် လိဂ်-၁ အသင်းတစ်သင်းမှ ကစားသမားခေါ်ယူရာတွင် အမြင့်ဆုံးပြောင်းရွှေ့ကြေး ဖြစ်လာခဲ့သည်။
အဲဗာတန်နှင့်စာချုပ် ချုပ်ဆိုပြီးနောက်တွင် လွတ်ခ်မန်းက ‘အဲဗာတန်ကစားသမားဖြစ်လာရတဲ့ ခံစားချက်က တကယ်ကို ကောင်းပါတယ်။ အဲဗာတန်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေ တယ်လို့ ကြားရတဲ့ အချိန်မှာ အဲ့ဒီနေရာက ကျွန်တော့်အတွက် မှန်ကန်တဲ့နေရာဖြစ်တယ်ဆိုတာ ချက်ချင်း သိခဲ့ပါတယ်။
အဲဗာတန်အသင်းက ကြီးမားတဲ့သမိုင်းကြောင်းရှိတဲ့အသင်းပါ။ ဒီကိုပြောင်းလာရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက နည်းပြ ကိုးလ်မန်းကြောင့်လည်း ပါဝင်ပါတယ်။
ဆောက်သမ်တန်အသင်းမှာ ကိုးလ်မန်းစွမ်းဆောင်ပြခဲ့တာကိုကြည့်လိုက်ပါ။ လူငယ်တွေကို နေရာပေးပြီး တိုးတက်အောင်ပြုလုပ်ပေးခဲ့ပါတယ်’ ဟု ပြောဆိုခဲ့သည်။
ချာလ်တန်အသင်းမှာ လွတ်ခ်မန်းကို အပြီးသတ်ရောင်းချခဲ့ပြီးဖြစ်သော်လည်း အဲဗာတန်အသင်းက အငှားပြန်ချပေးမည်ဟု မျှော်လင့်လျက်ရှိသည်။ သို့သော် အဲဗာတန်နည်းပြ ကိုးလ်မန်းကလည်း လွတ်ခ်မန်းကို သဘောကျနေပြီး အသင်းကြီးတွင် အသုံးပြုဖွယ်ရှိနေသည်။
ကိုးလ်မန်းက လွတ်ခ်မန်းသည် အသက် ၁၉ နှစ်သာရှိသေးသော်လည်း ခြေစွမ်းထက်မြက်ပြီး အနာဂတ်တောက်ပနေသည့် လူငယ်တစ်ဦးဖြစ်ကြောင်း၊ ၎င်းကို ခေါ်ယူနိုင်ခဲ့သည့် အတွက် ၀မ်းမြောက်ကြောင်း ပြောဆိုထားသည်။
ရည်ညွှန်း ဘီဘီစီ
From : မဇ္ဈိမ မီဒီယာ By : အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/21984





No comments:
Post a Comment