မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 3, 2017

ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အီဂျစ်နှင့် ကင်မရွန်းတို့ အာဖရိက ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်မည်




ဖေဖော်ဝါရီ ၃၊ ဂါဘွန်

၂၀၁၇ အာဖရိက ဖလား ဗိုလ်လု ပွဲစဉ် အဖြစ် အီဂျစ် အသင်းနှင့် ကင်မရွန်း အသင်း တို့သည် ဂါဘွန်နိုင်ငံ၊ Stade d'Angondjé ဘောလုံး ကွင်းကြီးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

ဆီမီးဖိုင်နယ်တွင် ကင်မရွန်းအသင်းမှာ ဂါနာအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ ကင်မရွန်းအသင်းအတွက် အနိုင်ဂိုးများကို အန်ဂါဒီယူက ၇၂ မိနစ်တွင် တစ်ဂိုး၊ ဘက်ဆိုဂေါ့က မိနစ် ၉၀ တွင် တစ်ဂိုးသွင်းယူပေးခဲ့ကြသည်။

အီဂျစ်အသင်းမှာမူ ဘာကီနာဖာဆိုအသင်းကို ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်(၃-၄)ဂိုးဖြင့်နိုင်ကာ ဗိုလ်လုပွဲသို့ တက်ရောက် လာခဲ့ခြင်းဖြစ်သည်။

အီဂျစ်အသင်းမှာ အာဖရိကဖလား ဗိုလ်လုပွဲသို့ ကိုးကြိမ်မြောက် တက်ရောက်လာခြင်းဖြစ်ပြီး ကင်မရွန်းအသင်းမှာ ၇ ကြိမ်မြောက်တက်ရောက်ခြင်းဖြစ်သည်။ ၎င်းတို့နှစ်သင်းသည် ၁၉၈၆ နှင့် ၂၀၀၈ ခုနှစ် ဗိုလ်လုပွဲများတွင် တွေ့ဆုံခဲ့ကြဖူးပြီး နှစ်ကြိမ်စလုံး အီဂျစ်က အနိုင်ရရှိခဲ့သည်။

အီဂျစ်အသင်းမှာ ၂၀၁၀ ခုနှစ်က နောက်ဆုံးဗိုလ်စွဲထားပြီး ကင်မရွန်းအသင်းက ၂၀၀၂ ခုနှစ်က နောက်ဆုံးချန်ပီယံဖြစ်ခဲ့သည်။

ယခုနှစ်ပြိုင်ပွဲတွင် အီဂျစ်အသင်းသည် အုပ်စု(ဃ)တွင် ဂါနာ၊ မာလီ၊ ယုဂန္ဓာတို့နှင့် ကျရောက်ခဲ့ပြီး မာလီနှင့် ၀-၀ သရေ၊ ယုဂန္ဓာနှင့်ဂါနာတို့ကို ၁-၀ ဂိုးရလဒ်များဖြင့် အနိုင်ရခဲ့ကာ အုပ်စုဗိုလ်ဖြင့် ကွာတားတက်ရောက်ခဲ့သည်။ ကွာတားတွင် မော်ရိုကိုအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဆီမီးတွင် ဘာကီနာဖာဆိုကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရလာခြင်း ဖြစ်သည်။

ကင်မရွန်းအသင်းမှာမူ အုပ်စု(က)တွင် ဘာကီနာဖာဆို၊ ဂါဘွန်၊ ဂီနီတို့နှင့် အတူ ကျရောက်ခဲ့သည်။ ဘာကီနာဖာဆိုနှင့် ၁-၁၊ ဂါဘွန်နှင့် ၀-၀ သရေကျခဲ့ကာ ဂီနီကို ၂-၁ ဂိုးဖြင့်နိုင်ပြီး အုပ်စုဒုတိယဖြင့် ကွာတားတက်ရောက်ခဲ့သည်။ ကွာတားဖိုင်နယ်တွင် ဆီနီဂေါကို ပင်နယ်တီအဆုံးအဖြတ် ၅-၄ ဂိုးဖြင့်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဂါနာကို ၂-၀ ဂိုးဖြင့်အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။

ရည်ညွှန်း ၀ီကီပီးဒီးယား

From : မဇ္ဈိမ မီဒီယာ by အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/23115

No comments:

Post a Comment