မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 29, 2017

လာမည့် ဆီးဂိမ်းတွင် ကြေးတံဆိပ်ဆု မျှော်မှန်းသည့် မြန်မာ့ ကြက်တောင်




ကြက်တောင်ရိုက် အားကစား အနေနဲ့ လာမယ့် မလေးရှား ဆီးဂိမ်းမှာ အမြင့်ဆုံး အောင်မြင်မှု အဖြစ် အသင်းလိုက် ပြိုင်ပွဲကနေ ကြေးတံဆိပ်ဆု မျှော်မှန်း ထားပါတယ်။

မြန်မာ ကြက်တောင် အားကစား အဖွဲ့ အနေနဲ့ လာမယ့် ၂၀၁၇ မလေးရှား ဆီးဂိမ်းမှာ တဦးချင်းရော၊ အသင်းလိုက် ပြိုင်ပွဲတွေ မှာပါ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဆုတံဆိပ် မျှော်မှန်းချက် အနေနဲ့ ကြေးတံဆိပ် ဆုအထိ ရယူနိုင်ဖို့ ရည်ရွယ် ထားတယ်လို့ မြန်မာနိုင်ငံ ကြက်တောင်ရိုက် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်လွင်က ပြောပါတယ်။

“အရှေ့တောင်အာရှပွဲမှာ ကျနော်တို့ကတော့ အမြင့်ဆုံး ဆုတံဆိပ်အနေနဲ့ တတိယဆုလောက်အထိ မျှော်မှန်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ထိပ်တန်းအသင်းတွေဖြစ်တဲ့ အင်ဒိုနီးရှားတို့၊ မလေးရှားတို့လည်း ပါဝင်မှာဆိုတော့ ကျနော်တို့က အဲဒီလောက်အဆင့်အထိက ယှဉ်ပြိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အမြင့်ဆုံးအဆင့်အနေနဲ့ အသင်းလိုက်အနေနဲ့ တတိယဆု မျှော်မှန်းထားပါတယ်။”

ဒါ့အပြင် ကြက်တောင်ရိုက်အားကစားအဖွဲ့ဟာ ဆီးဂိမ်းပြင်ဆင်မှုအနေနဲ့ လာမယ့်အချိန်အတွင်းမှာ နိုင်ငံခြားသားနည်းပြနဲ့ လေ့ကျင့်ပြင်ဆင်ဖို့ ရှိနေပြီး အားနည်းချက်၊ အားသာချက်တွေနဲ့ ပတ်သက်လို့ ကြက်တောင် အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြ ဒေါ်ဆွေမာဦးကလည်း အခုလို ပြောပါတယ်။

“ကစားသမားတွေအနေနဲ့ကတော့ အစ်မတို့ နည်းပညာပိုင်းရယ်၊ အားကစားပစ္စည်းအပိုင်းတွေကတော့ နိုင်ငံတကာနဲ့ယှဉ်ရင်တော့ အများကြီး လိုအပ်သေးတာပေါ့နော်။ ဒါပေမယ့် လက်ရှိအတိုင်းအတာအရလည်း အတတ်နိုင်ဆုံး အဖွဲ့ချုပ်နဲ့၊ အား/ကာနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံး လုပ်ဆောင်နေကြပါတယ်။ နိုင်ငံခြားနည်းပြဆရာလည်း အစ်မတို့ ခေါ်ဖို့ ကြိုးစားနေပါတယ်။ နိုင်ငံခြားနည်းပြဆရာ မကြာခင် ရောက်လာတော့မှာပါ။”

ကြက်တောင်ရိုက် အားကစားနည်းဟာ မြန်မာနိုင်ငံမှာ အားနည်းတဲ့ အားကစားနည်း ဖြစ်ပေမယ့် လာမယ့်အချိန်အတွင်းမှာ မျိုးဆက်သစ်ကစားသမားများစွာ ပေါ်ထွက်လာဖို့အတွက် ပြိုင်ပွဲတွေ ကျင်းပနေခဲ့ပါတယ်။

ကြက်တောင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်လွင်က “ကျနော်တို့က အဓိကတော့ အဖွဲ့ချုပ်အနေနဲ့ လူငယ်ကစားသမား များများလိုတယ်။ ဒါကြောင့် ကလပ်တွေကနေ သက်တမ်းအလိုက် ပြိုင်ပွဲတွေကို ကျင်းပပေးတာပါ။ ဒီသက်တမ်းအလိုက် ပြိုင်ပွဲတွေကနေမှတဆင့် နိုင်ငံ့လက်ရွေးစင် ပဏာမရွေးတဲ့အဆင့်ကို ရောက်အောင် သက်တမ်းပြိုင်ပွဲတွေကနေ အခြေခံပြီး ရွေးတာ။ ဒါကြောင့်မို့ သက်တမ်းပွဲတွေကို အဓိကကျင်းပနေတာ။ အဖွဲ့ချုပ်အနေနဲ့ကတော့ တနှစ်ကို ပြိုင်ပွဲ ပွဲကြီး ၃ ပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ ကလပ်အသင်းကြီးတွေနဲ့လည်း ပြိုင်ပွဲ အနည်းဆုံး ၁ ပွဲလုပ်ဖို့ရှိတော့ တနှစ်ပတ်လုံးအနေနဲ့ ပြိုင်ပွဲ ၄ ပွဲကနေ ၅ ပွဲအတွင်းမှာ ရှိနေတယ်” လို့ ဆက်ပြောပါတယ်။

ကြက်တောင်အားကစားနည်းဟာ ၁၉၉၅ ခုနှစ်က အသင်းလိုက်ကနေ ကြေးတံဆိပ်ဆု ဆွတ်ခူးပြီးတဲ့နောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေသလို အဓိကပြိုင်ပွဲတွေမှာ ဆုတံဆိပ် ဆွတ်ခူးထားနိုင်ခဲ့ခြင်းလည်း မရှိပါဘူး။

သတင်း – ထက်လူ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/198222

No comments:

Post a Comment