
မနေ့ ညနေ ပိုင်းက ဗီယက်နမ် နိုင်ငံမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာရှခြေစစ်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ မြန်မာ အမျိုးသမီး အသင်းက အိမ်ရှင် ဗီယက်နမ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားပါတယ်။
မြန်မာအမျိုးသမီး အသင်းဟာ ဗီယက်နမ်ကို အနိုင်ရမှ ခြေစစ်ပွဲ အောင်မှာဖြစ်လို့ ပွဲစ ကတည်းက အာရုံစိုက် ကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းက ထိရောက်မှု မရှိခဲ့လို့ ရှုံးနိမ့် သွားတာပါ။
ဗီယက်နမ် အသင်းကတော့ သူတို့အားသာတဲ့ လျင်မြန်မှုကို အားပြုပြီး တိုက်စစ်ဆင် ကစားခဲ့လို့ မြန်မာနောက်တန်းက ခက်ခက် ခဲခဲ ထိန်းချုပ် ခဲ့ရပါတယ်။
ဗီယက်နမ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်နဲ့ ၈၂ မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီပွဲအနိုင်ကြောင့် ဗီယက်နမ်အမျိုးသမီးအသင်းက အုပ်စု ဒီမှာ ၄ ပွဲကစား ၄ ပွဲနိုင်ရလဒ်နဲ့ အုပ်စုပထမရခဲ့လို့ ၂၀၁၈ အမျိုးသမီး အာရှဖလားပြိုင်ပွဲမှာ ကစားခွင့်ရသွားပါတယ်။
မြန်မာအသင်းကတော့ ၄ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၉ မှတ်နဲ့ အုပ်စုဒုတိယပဲရခဲ့လို့ အာရှဖလားခြေစစ်ပွဲ မအောင်ခဲ့ပါဘူး။
အမျိုးသမီး အာရှဖလား ခြေစစ်ပွဲစဉ်တွေမှာ အုပ်စု ၄ ခုခွဲခြားထားပြီး အုပ်စု အေမှာ ဖိလစ်ပိုင်၊ အုပ်စု ဘီမှာ တောင်ကိုရီးယား၊ အုပ်စု စီမှာ ထိုင်း၊ အုပ်စု ဒီမှာ ဗီယက်နမ်အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
၂၀၁၈ အမျိုးသမီး အာရှဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ လာမယ့် ၂၀၁၈ ခုနှစ် ဧပြီလအတွင်းမှာ ခြေစစ်ပွဲအောင်လေးသင်းနဲ့အတူ တိုက်ရိုက်ဝင်ခွင့်ရခဲ့တဲ့ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ အိမ်ရှင်ဂျော်ဒန် စုစုပေါင်းအသင်း ၈ သင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/200789

No comments:
Post a Comment