မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 16, 2017

ချန်ပီယံ ချဲလ်ဆီး အသင်းက ဝတ်ဖို့ဒ်ကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ဝတ်ဖို့ဒ်တို့ မေလ ၁၅ ရက်က ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ရာသီ မကုန်မှီ မှာပဲ အမှတ်ပေး ချန်ပီယံဆု ဆွတ်ခူး ခဲ့တဲ့ ချဲလ်ဆီး အသင်းဟာ ဒီပွဲမှာ အဓိက ကစားသမား တချို့ကို အနားပေး ခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ခေါင်းဆောင် ဂျွန်တယ်ရီ ပွဲထွက် ပါဝင်လာပြီး ပွဲချိန် ၂၂ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေး ခဲ့ပါတယ်။

ဒီပွဲ အနိုင် အရှုံးက နှစ်သင်းစလုံး အတွက် အရေး မပါတော့ ပေမယ့် ချဲလ်ဆီး အိမ်ကွင်းမှာ ဝတ်ဖို့ဒ်ရဲ့ မာမာ ထန်ထန် တုံ့ပြန် ကစားမှုကြောင့် ပွဲက မြိုင်မြိုင် ဆိုင်ဆိုင် ရှိခဲ့ပြီး အပြန် အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်း ခဲ့ပါတယ်။

ချဲလ်ဆီး အဖွင့်ဂိုး သွင်းယူပြီး မကြာခင်မှာပဲ ဝတ်ဖို့ဒ်က တဂိုးပြန်ချေပ ခဲ့ပေမယ့် ပွဲချိန် ၃၆ မိနစ်မှာ အက်ဇ်ပီလီကျူတာက အဝေးကနေ ကန်သွင်းပြီး ချဲလ်ဆီး အတွက် ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင် ထားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့ပေမယ့် ထိုးဖောက်တိုက်စစ်ဆင် ကန်သွင်းခွင့်တွေမှာတော့ ဝတ်ဖို့ဒ်ကို အပြတ် အသာစီးရခဲ့ပါတယ်။

ဒီ့နောက် ၄၉ မိနစ်မှာ ချဲလ်ဆီးတိုက်စစ်မှူး ဘတ်ရှူးအာယီက တတိယဂိုး သွင်းယူပေးခဲ့ပေမယ့် ၅၁ မိနစ်မှာ ဂျန်မတ်နဲ့ ၇၄ မိနစ်မှာ အိုကာကာတို့က ဝတ်ဖို့ဒ်အတွက် ချေပဂိုးတွေ သွင်းယူပေးခဲ့လို့ ၃ ဂိုးစီ သရေကျမယ့် အခြေအနေ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီး လူစားဝင်ကစားသမား ဖာဘရီဂတ်စ်က ပွဲချိန် ၈၈ မိနစ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။

ပွဲပြီးခါနီး မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပိုမှာ ဝတ်ဖို့ဒ်ကစားသမားတဦး နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါသေးတယ်။

အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် လာမယ့် မေလ ၂၁ ရက်နေ့မှာ ချဲလ်ဆီးက အိမ်ကွင်းမှာ ဆန်းဒါးလန်းနဲ့၊ ဝတ်ဖို့ဒ်က အိမ်ကွင်းမှာ မန်စီးတီးနဲ့ အသီးသီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/206709

No comments:

Post a Comment