
၇ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီး အမှတ်ပေး ဇယား နံပါတ် ၁ နေရာ အပြောင်း အလဲ ဖြစ်ခဲ့ ပါတယ်။
ဒါကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက မန်ချက်စတာ စီးတီးလက်ထဲ ကနေ အမှတ်ပေး ဇယား နံပါတ် ၁ နေရာကို ရယူနိုင် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၇ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အများ မျှော်လင့် မထားတဲ့ ရလဒ် တချို့ ထွက်ခဲ့ ပါတယ်။
မန်စီးတီးအသင်းက တော့တင်ဟမ် ဟော့စပါးကို ၄ ဂိုး ၁ ဂိုး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ ၂ ဂိုးစီ သရေကျခဲ့တာက အများထင်မှတ်ထားတဲ့ ခန့်မှန်းချက်နဲ့ လွဲချော်ခဲ့ပါတယ်။
၈ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အောက်တိုဘာ ၃ ရက်မှာ ၇ ပွဲအထိ ကစားမှာ ဖြစ်သလို အောက်တိုဘာ ၄ ရက်မှာတော့ ၃ ပွဲကစားမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၃ ရက် ကစားမယ့်ပွဲထဲမှာတော့ မန်စီးတီး-နယူးကာဆယ်၊ ချဲလ်ဆီး- ဆောက်သင်တန်တို့ပွဲတွေက စိတ်ဝင်စားဖို့ ကောင်းသလို အောက်တိုဘာ ၄ ရက်မှာတော့ အဲဗာတန်-လီဗာပူးလ်၊ အာဆင်နယ်-မန်ယူ အသင်းတို့ရဲ့ ပွဲစဉ်တွေကတော့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ပွဲစဉ်တွေ ဖြစ်မှာပါ။
ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာရော ဘယ်လို အဖြေတွေထွက်လာမှာလဲ။ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ဘောလုံး ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်း သုံးသပ်ချက်ကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်-၀က်စ်ဘရွန်း
၇ ပွဲကစား ၃ ပွဲရှုံး ခရစ္စတယ်ပဲလေ့စ်နဲ့ ၇ ပွဲမှာ ၂ ပွဲနိုင်ထားတဲ့ ၀က်စ်ဘရွန်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ပဲလေ့စ်က ရာသီအစောပိုင်း အမှတ်ပေးဇယားမှာ နံပါတ် ၂ နေရာကနေ ၆ အထိ ကျသွားပါတယ်။ ဒီနောက် နံပါတ် ၂ နေရာကို ပြန်ရောက်သွားပြီး နောက်ပိုင်းမှာတော့ နံပါတ် ၇ နေရာကို ရပ်တည်နေတာဖြစ်ပါတယ်။
ဝက်စ်ဘရွန်းကတော့ ရာသီအစမှာ နံပါတ် ၁၅ ဒီနောက်မှာတော့ ၁၉ အထိ ကျသွားသလို နောက်ဆုံး ၁၀ အထိ ပြန်တက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ နံပါတ် ၁၅ မှာ ရပ်တည်နေပါတယ်။ လက်ရှိအခြေအနေကို သုံးသပ်ကြည့်ရင်တော့ ပဲလေ့စ်ကသာသလိုရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးအကြိမ် ဆုံတွေစဉ် ၀က်စ်ဘရွန်းက ၂ ဂိုးဂိုးမရှိနဲ့ ပဲလေ့စ်ကို အနိုင်ယူထားတာကိုတော့ မေ့လို့မရပါဘူး။
ဘီဘီစီရဲ့အားကစားကလောင်ရှင် မတ်လော်ရင်ဆန်(လော်ရို)ကတော့ ဒီပွဲကို သရေကျမယ်လို့ ခန့်မှန်းပါတယ်။ စကိုင်းစပေါ့က ပေါလ်မာဆန်ကတော့ ပဲလေ့စ်နိုင်မယ်လို့ ဆိုပါတယ်။
အက်စ်တွန်ဗီလာ-စတုတ်
တန်းဆင်းဇုန်မှာ ကပ်နေတဲ့ ဇယားနံပါတ် ၁၈ ဗီလာနဲ့ ၁၇ က စတုတ်တို့ကစားကြမှာ ဖြစ်ပါတယ်။ အသင်းငယ် ၂ သင်းကစားမှာ ဖြစ်တဲ့အတွက် ပရိသတ် စိတ်ဝင်စားမှု နည်းပေမယ့် ရုန်းကန်နေရတဲ့ အသင်း ၂ သင်းဖြစ်တဲ့ အတွက် ကြည့်ကောင်းမယ့် ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ ဗီလာက ရာသီအစ ဇယား နံပါတ် ၃ ကနေ လက်ရှိ နံပါတ် ၁၈ ကို ရောက်လာတာဖြစ်သလို စတုတ်ကတော့ နံပါတ် ၁၄ ကနေ ၂၀ အထိကျဆင်းခဲ့ဖူးပြီး အခုတော့ ၁၇ ကို ပြန်ရောက်လာတာဖြစ်ပါတယ်။ ၇ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရထားတဲ့ အသင်း ၂ သင်းဆုံတဲ့ပွဲလည်း ဖြစ်ပါတယ်။ စတုတ်က ၃ ပွဲရှုံးထားပေမယ့် ဗီလာက ၅ ပွဲအထိ ရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ် စတုတ်က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ထားပါတယ်။ စတုတ်နိုင်မယ်လို့ လော်ရိုက ခန့်မှန်းသလို မာဆန်ကတော့ သရေကျမယ်လို့ မှန်းထားပါတယ်။
ဘုန်းမောက်- ၀က်ဖို့ဒ်
ပွဲခန့်မှန်းအားကစား ကလောင်ရှင် လော်ရိုက ဘုန်းမောက်ကို အနိုင်ပေးပြီး မာဆန်ကတော့ ၀က်ဖို့ဒ်ကို အနိုင်ပေးထားတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အမှတ်ပေးဇယား ရပ်တည်မှုအရ ၀က်ဖို့ဒ်က ၁၃မှာ ရှိနေသလို ဘုန်းမောက်တော့ ၁၆ မှာ ရပ်တည်နေပါတယ်။ ၇ပွဲကစားရာမှာ ၂ ပွဲအနိုင်ရထားတဲ့ အသင်းတွေ ဖြစ်သလို ၀က်ဖို့ဒ်က ၂ ပွဲရှုံးပြီး ဘုန်းမောက်က ၄ ပွဲရှုံးထားပါတယ်။ နောက်ဆုံး တွေ့ဆုံစဉ်ကတော့ ဘုန်းမောက်က ၀က်ဖို့ဒ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။
မန်စီးတီး-နယူးကာဆယ်
ဒီတပတ်အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ပွဲဖြစ်ပါတယ်။ မန်စီတီးက အနိုင်ကို မဖြစ်မနေ ကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီး ဂိုးပြတ်နဲ့ အနိုင်ရမယ်လို့ ဘောလုံးပွဲကလောင်ရှင် လော်ရိုရော မာဆန်ပါ ခန့်မှန်းထားပါတယ်။ အရင်တပတ် ချဲလ်ဆီးနဲ့ နယူးကာဆယ်တုန်းကလည်း ဒီလိုခန့်မှန်းထားပေမယ့် ဒီပွဲကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ ဇယား နံပါတ် ၂ နေရာမှာ ရပ်တည်နေသလို နယူးကာဆယ်ကတော့ ဇယားနံပါတ် နောက်ဆုံးကနေ ရေတွက်ရင်တော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးကတော့ ၇ ပွဲမှာ ၅ ပွဲနိုင်ထားပြီး ၂ ပွဲရှုံးထားပါတယ်။ နယူးကာဆယ်ကတော့ နိုင်ပွဲမရသေးတဲ့အပြင် ၄ ပွဲရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ မန်စီးတီးက ၅ ဂိုးဂိုးမရှိ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
နော်ဝှစ်ခ်ျ-လက်စတာ
တန်းတက်နော်ဝှစ်ခ်ျနဲ့ လက်စတာတို့ ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးခြင်းမရှိပါဘူး။ လက်စတာနဲ့ နော်ဝှစ်ခ်ျတို့ ကစားခဲ့ဖူးခြင်းမရှိပေမယ့် ၂ သင်းစလုံးက ဘုန်းမောက်၊ ၀က်စ်ဟမ်းတို့နဲ့ ကစားထားပါတယ်။ ဒီလိုကစားရမှာ လက်စတာက ၀က်စ်ဟမ်းကို အနိုင်ကစားပြီး ဘုန်းမောက်ကို သရေကျထားပါတယ်။ နော်ဝှစ်ခ်ျကတော့ ၀က်စ်ဟမ်းကို သရေနဲ့ ဘုန်းမောက်ကို နိုင်ထားပါတယ်။ လက်စတာအသင်းက ဇယားနံပါတ် ၁ နေရာကနေ အခုဆိုရင်တော့ နံပါတ် ၈ အထိ ကျလာပါတယ်။ နော်ဝှစ်ခ်ျကတော့ နံပါတ် ၁၂ မှာ ရပ်တည်နေပါတယ်။ လက်စတာကတော့ ၇ ပွဲမှာ ၁ ပွဲသာရှုံးထားပါတယ်။ နော်ဝှစ်ခ်ျကတော့ ၇ ပွဲမှာ ၂ ပွဲရှုံးထားပါတယ်။ လော်ရိုနဲ့ မာဆန်က နော်ဝှစ်ခ်ျနိုင်မယ်လို့ မှန်းထားပါတယ်။
ဆန်းဒါးလန်း-၀က်စ်ဟမ်း
ပရီးမီးယားလိဂ် အမှတ်ပေးဇယားက အဆင့် ၂၀ နဲ့ အဆင့် ၃ ရပ်တည်နေတဲ့ အသင်းတွေ ကစားကြမယ့်ပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ အောက်ခြေကနေ တဖြည်းဖြည်းနဲ့ အဆင့် ၂ အထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်ဘောလုံးရာသီမှာ ရှုံးပွဲမရှိသေးတဲ့ မန်စီးတီးကို ၀က်စ်ဟမ်းက အနိုင်ကစားပြလိုက်တဲ့ ပထမဆုံးအသင်းဖြစ်ပါတယ်။ ၇ ပွဲမှာ ၄ ပွဲနိုင်ထားပါတယ်။ ဆန်းဒါလန်းကတော့ ဒီနှစ်ရာသီမှာ ရုန်းကန်နေရပါတယ်။ အမှတ်ပေးဇယားမှာ ၁၉ နဲ့ ၂၀ နေရာကနေ အထက်ကို တက်လာခဲ့ခြင်း မရှိသေးပါဘူး။ နောက်ဆုံးဆုံတွေ့စဉ်ကတော့ ၀က်စ်ဟမ်းက ဆန်းဒါးလန်းကို ၁ ဂိုးဂိုးမရှိနဲ့ နိုင်ထားပါတယ်။ ဒီပွဲအပေါ် ဘောလုံးပွဲသုံးသပ်သူတွေရဲ့ ခန့်မှန်းချက်ကတော့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။ လော်ရိုကတော့ ဆန်းဒါးလန်းကို အနိုင်ပေးထားပေမယ့် မာဆန်က ၀က်စ်ဟမ်းကို အနိုင်ပေးထားပါတယ်။
ချဲလ်ဆီး-ဆောက်သမ်တန်
ချန်ပီယံလိဂ်မှာ ရှုံးပွဲကြုံ၊ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ သရေကျထားတဲ့ ချဲလ်ဆီးအတွက်တော့ ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ နည်းပြဘ၀မှာ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကိုယ်တိုင် ၀န်ခံထားပါတယ်။ ၂ သင်းစလုံးက ၇ ပွဲမှာ ၂ ပွဲအနိုင်ရထားပါတယ်။ ဆောက်သမ်တန်ကတော့ ရာသီအစမှာ ဇယားအောက်ခြေကနေ တဖြည်းဖြည်းနဲ့ အထက်ကို တက်လာတဲ့ အသင်းတသင်းဖြစ်ပါတယ်။ မန်ယူအသင်း ဆောက်သမ်တန်နဲ့ ကစားစဉ် နောက်ကနေလိုက်ကစားခဲ့ရတဲ့ ပွဲစဉ်ကလည်း ဆောက်သမ်တန်ရဲ့ ခြေစွမ်းကို မပေါ့ဖို့ သတိပေးနေသလိုပါပဲ။ အမှတ်ပေးဇယား ရပ်တည်မှုအရ ဆောက်သမ်တန်က ၁၀ နဲ့ ချဲလ်ဆီးက ၁၄ မှာ ရပ်တည်နေပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ ဒီ ၂ သင်း ၁ ဂိုးစီ သရေကျထားပါတယ်။ ချဲလ်ဆီးနိုင်မယ်လို့ ဘောလုံးပွဲခန့်မှန်းသူတွေက မှန်းထားပါတယ်။
အဲဗာတန်-လီဗာပူး
ဒီပွဲတွေက ကြည့်လို့ကောင်းမှာ ဖြစ်သလို ခန့်မှန်းရလည်း ခက်ပါလိမ့်မယ်။ အဲဗာတန်ကတော့ ဒီနှစ် ပရီးမီးယားလိဂ် တာထွက်ကောင်းခဲ့ပြီး ဇယား နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ဒီနှစ် အမှတ်ပေးဇယားမှာ အဆင့် ၃ အထိ တက်လှမ်းခဲ့ဖူးပါတယ်။ ချဲလ်ဆီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူထားတဲ့ အဲဗာတန်ရဲ့ ခြေစွမ်းကိုတော့ ကြိုးကြာနီတွေ အလေးထားဖို့လိုပါတယ်။ နောက်ခံလူ စတုန်းကလည်း အသင်းအတွက် အားကိုးရတဲ့ ခံစစ်သမား တဦးဖြစ်ပါတယ်။ ၇ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။ ကြိုးကြာနီတွေကတော့ ဒီနှစ်ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၅ အထိ အမြင့်ဆုံး တက်လှမ်းခဲ့ပါတယ်။ ဒီနှစ်အတွက် လီဗာပူးရဲ့ ခြေစွမ်းက အားရလောက်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ ၇ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲရှုံးထားပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ အဲဗာတန်ရဲ့ တပွဲပျှမ်းမျှ ဂိုးသွင်းနှုန်းက ၁.၅ ဂိုးရှိပေမယ့် လီဗာပူးကတော့ ၁ ဂိုးပဲ ရှိနေပါတယ်။ နောက်ဆုံးဆုံတွေ့စဉ်ကတော့ သရေကျထားပါတယ်။ လော်ရိုရော မာဆန်ပါ ဒီပွဲကို သရေပွဲဖြစ်မယ်လို့ ခန့်မှန်းပါတယ်။
အာဆင်နယ်-မန်ယူ
ဇယားနံပါတ် ၁ မန်ယူနဲ့ ၄ က အာဆင်နယ်တို့ ကစားမယ့်ပွဲဟာ ပရိသတ်တွေ မျှော်လင့်နေတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ရာဇ၀င်တွင်မယ့် ပြိုင်ဘက်တွေ တွေ့ဆုံကြတာ ဖြစ်ပါတယ်။ သရဲနီတွေကို အမြောက်တပ်သားတွေက ချေမှုန်းနိုင်မလား။ အမြောက်တပ်သားတွေကို သရဲနီတွေက မှော်ပညာနဲ့ လှည့်စားသွားမလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီ ၂ သင်းကို ယှဉ်ကြည်မယ်ဆိုရင်တော့ ဘောလုံးရာသီအစမှာ မန်ယူအသင်းဟာ ဇယား နံပါတ် ၄ နေရာအထိ ရောက်ရှိခဲ့ဖူးပေမယ့် အာဆင်နယ်ကတော့ ဇယား နံပါတ် ၁၉ အထိ ရောက်သွားခဲ့ဖူးပါတယ်။ မန်ယူရဲ့ ပျှမ်းမျှ ဂိုးသွင်းနှုန်းက ၁.၇ ရှိသလို အာဆင်နယ်ကတော့ ၁.၄ ရှိနေပါတယ်။ ရှေ့တန်းတိုက်စစ်မှူးတွေကတော့ မန်ယူအသင်း မာရှယ်က ၃ ဂိုးသွင်းထားပါတယ်။ ဒါပေမယ် အာဆင်နယ်က ဆန်းချက်ကလည်း ၃ ဂိုး၊ ဂျီရှုက ၃ ဂိုး၊ ၀ဲလ်ကော့က ၂ ဂိုးသွင်းထားတဲ့ အတွက် ဂိုးသွင်းနှုန်းကတော့ အာဆင်နယ်အသာရတယ်လို့ ဆိုနိုင်ပါတယ်။ ၇ ပွဲကစားရာမှာ မန်ယူက ၁ ပွဲသာ ရှုံးထားပြီး အာဆင်နယ်ကတော့ ၂ ပွဲရှုံးထားပါတယ်။ နောက်ဆုံး ဆုံတွေ့စဉ်ကတော့ ၁ ဂိုးစီသရေကျထားပါတယ်။ လော်ရိုရော မာဆန်ကပါ အာဆင်နယ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
တော့တင်ဟမ် ဟော့စပါး-ဆွမ်ဆီး
ကြည့်ကောင်းမယ့် ပွဲတပွဲဆိုရင်တော့ မမှားပါဘူး။ ၂ သင်းစလုံးက ပရီးမီးယားလိဂ်ကို ခန့်မှန်းရခက်အောင် လုပ်ခဲ့ဖူးပါတယ်။ မန်စီးတီးကို ၄ ဂိုးအထိ စပါးက သွင်းယူခဲ့သလို ဆွမ်ဆီးက မန်ယူကို အနိုင်ကစားပြထားပါတယ်။ စပါးက ၇ ပွဲမှာ ၁ ပွဲရှုံးထားသလို ဆွမ်ဆီးကတော့ ၂ ပွဲရှုံးထားပါတယ်။ စပါးကတော့ ရာသီအစ အမှတ်ပေးဇယားနံပါတ် ၁၈ ကနေ ၅ အထိ တက်လှမ်းလာနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဆွမ်ဆီးကတော့ ဇယား နံပါတ် ၄ ကနေ ၁၁ အထိကျဆင်းလာတဲ့ အသင်းဖြစ်ပါတယ်။ ၂ သင်းလုံးရဲ့ တပွဲပျှမ်းမျှ ဂိုးသွင်းနှုန်းက မကွာဟပေမယ့် ဆွမ်ဆီး ရှေ့တန်းတိုက်စစ်မှူးတွေက ဂိုးပိုသွင်းထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ စပါးက ဆွမ်ဆီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရထားပါတယ်။ အားကစားကလောင်ရှင်တွေကတော့ သရေကျမယ်လို့ မှန်းထားပါတယ်။
DVB by ကိုထွေး
Original link - http://burmese.dvb.no/archives/114580

No comments:
Post a Comment