
ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ကစား သွားတဲ့ ယူရိုပါလိဂ် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက် အသင်းနဲ့ ဒိန်းမတ် မက်ဂျီလန်းတို့ ကစားတဲ့ ပွဲမှာ မန်ယူက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ပွဲမှာ မက်ဂျီလန်း အသင်းက ပထမပိုင်း ၂၇ မိနစ်မှာ ဗွေဆော်ဦးဂိုး သွင်းယူပြီး ပွဲကို ဦးဆောင် ခဲ့ပါတယ်။
ဒီနောက် ၃၂ မိနစ်မှာ မက်ဂျီလန်း ကစားသမား တဦး ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့ အတွက် မန်ယူတို့ ၁ ဂိုး ရရှိခဲ့ပြီး ပထမပိုင်းကို ၁ ဂိုးစီသရေနဲ့ ပြီးဆုံး ခဲ့ပါတယ်။
ပထမပိုင်းမှာ မန်ယူ အသင်း ရုန်းကန်ခဲ့ ရသလို မာတာကလည်း ရရှိတဲ့ ပင်နယ်တီကို ၀င်အောင် မသွင်းနိုင် ခဲ့ပါဘူး။
မန်ယူ တိုက်စစ်မှူး မာရှယ် ၀င်မကစားနိုင် တာကလည်း အသင်းအတွက် တိုက်စစ်အား နည်းသွား ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်ယူ ကစားကွက် ပိုမိုကောင်းမွန် လာပါတယ်။
မန်ယူအသင်းက လူငယ် ကစားသမား တချို့ကို ထုတ်သုံး ခဲ့သလို ဒီလူငယ် ကစားသမားတွေ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူ ခဲ့တာပါ။
ဒုတိယပိုင်းမှာ မန်ယူရဲ့ ဆယ်ကျော်သက် ကစားသမား မာကပ်ရှပ်ဖို့ဒ်က ၆၃ မိနစ်နဲ့ ၇၅ မိနစ်မှာ ၂ ဂိုးဆက်တိုက် သွင်းယူ ခဲ့သလို ဟာရဲရားနဲ့ ဒီပေးတို့ ကလည်း ဂိုးတွေသွင်းယူခဲ့လို့ ပွဲအပြီးမှာ မန်ယူက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိ သွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ မန်ယူအသင်း ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူ ကစားခဲ့ပါတယ်။
ပထမအကျော့ တုန်းက မက်ဂျီလန်း အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိ ခဲ့သလို ဒုတိယ အကျောမှာ မန်ယူက ဂိုးပြတ်နဲ့ အနိုင်ရသွားတဲ့ အတွက် ၂ ပွဲပေါင်း ရလဒ် ၆ ဂိုး ၃ ဂိုးနဲ့ နောက် တဆင့်ကို တက်ရောက် သွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137036

No comments:
Post a Comment