Monday, November 21, 2016
လူငယ်အဆင့် ပြိုင်ပွဲများတွင် မန်စီးတီးကို မန်ယူ အရှက်တကွဲ အရေးနိမ့်
မန်ချက်စတာ၊ နိုဝင်ဘာ ၁၇
လူငယ် မျိုးဆက်သစ် ကစား သမားများ စင်တင် ဖော်ထုတ်ရေး လုပ်ငန်း စဉ်ကို အလေး အနက်ထား ဆောင်ရွက် နေသည့် မန်စီးတီး အသင်းသည် လူငယ် အဆင့် ပြိုင်ပွဲ များတွင် မြို့ခံ ပြိုင်ဘက် မန်ယူ အသင်းကို ဂိုးပြတ် ရလဒ်များဖြင့် ဆက်တိုက် အနိုင်ရရှိ ခဲ့ကာ မန်စီးတီး လူငယ် အသင်းများတွင် အသင်းကြီး အဆင့်သို့ တက်လှမ်း လာနိုင်မည့် ပါရမီရှင်ပေါင်း များစွာ ရှိနေပြီ ဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာ ကလည်း ဖွင့်ဟပြောကြား ထားသည်ဟု The Mirror က ဖော်ပြ ထားသည်။
မန်စီးတီးအသင်းသည် ယူ-၁၃ အဆင့်ပြိုင်ပွဲတွင် မန်ယူကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ယူ-၁၄ အဆင့်ပြိုင်ပွဲတွင် ခြောက်ဂိုး ဂိုးမရှိဖြင့် ဆက်လက်အနိုင်ယူနိုင်ခဲ့ကာ ယင်းထက်ပို၍ မန်ယူအသင်း အရှက်ကွဲခဲ့ရသည့် ပွဲစဉ်မှာ ယူ-၁၅ အဆင့်၌ ကိုးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည့် ပွဲစဉ်ပင် ဖြစ်သည်။
မန်စီးတီးအသင်း တာဝန်ရှိသူများသည် အသင်းလူငယ်အကယ်ဒမီကို ကွပ်ကဲရန် အသင်းဂန္ထဝင် ကစားသမားဟောင်းတစ်ဦး ဖြစ်သည့် မိုက်ခ်ဒွိုင်လီ၏ မြေးဖြစ်သူ တွမ်မီဒွိုင်လီကို တာဝန်ပေးထားပြီး မန်ယူကမူ အသင်းလူငယ် အကယ်ဒမီကို အသင်းကွင်းလယ် လူဟောင်းတစ်ဦး ဖြစ်သည့် နီကီဘတ်၏ ဦးဆောင်မှုအောက်၌ ထားရှိလျက်ရှိသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏လက်ထက်တွင် လူငယ်မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရေးကိုလည်း ဦးစားပေး လုပ်ငန်းစဉ်များတွင် ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းထားပြီး ရှေ့လာမည့် ဘောလုံးရာသီများတွင် လူငယ်အသင်းများအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဆောင်ရွက်ရန်လည်း မန်စီးတီးက မူဝါဒလမ်းစဉ်များ ချမှတ်ထားပြီး ဖြစ်သည်။
မန်ယူအသင်း အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်သည် နိမ့်ကျလာသည့် မန်ယူ၏ လူငယ်စီမံကိန်းများကို အဆင့်မြှင့်တင်ရန် ပြုပြင်ပြောင်းလဲရေးများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကာ များမကြာမီကပင် လူငယ်သွေးသစ် ကစားသမားများ ရှာဖွေရန်အတွက် ကင်းထောက်သစ် ၄၄ ဦးကို မန်ယူက ခေါ်ယူခန့်အပ်လိုက်သေးသည်။
From : The Voice Myanmar
Originally published at - http://thevoicemyanmar.com/sports/3679-mun
Labels:
ဘောလုံးအသင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment