
မနေ့ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူက ဘန်လေကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပါတယ်။
မန်ယူမှာ ခြေစွမ်း ပြပြီး ဂိုးတွေ သွင်းယူ ပေးနေတဲ့ တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ခ်ျဟာ အန်းဒါးလက်ခ်ျနဲ့ ယှဉ်ပြိုင် ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဒဏ်ရာ ရခဲ့လို့ ရာသီကုန် အထိ အနားယူ ရမှာဖြစ်တဲ့ အတွက် အခုပွဲ မန်ယူ တိုက်စစ်ကို အသင်းခေါင်းဆောင် ဝိန်းရွန်နီနဲ့ မာရှယ်တို့က ဦးဆောင် ခဲ့တာပါ။
မန်ယူ အတွက် အဖွင့် ဂိုးကို ပွဲချိန် ၂၁ မိနစ်မှာပဲ တိုက်စစ်မှူး မာရှယ်က သွင်းယူပေး ခဲ့ပါတယ်။
ဒီပွဲကို ဘန်လေကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း မန်ယူက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့် အသာ ရခဲ့ပါတယ်။
မန်ယူအတွက် ဒုတိယအနိုင်ဂိုး ကိုတော့ ပွဲချိန် ၃၉ မိနစ်မှာ အသင်းခေါင်းဆောင် ရွန်နီက သွင်းယူပေး ခဲ့ပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြပြီး အဖွင့်ဂိုး သွင်းယူပေး ခဲ့တဲ့ တိုက်စစ်မှူး မာရှယ်ကို ဒီပွဲအတွက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ မန်ယူက ရမှတ် ၆၃ မှတ်နဲ့ အမှတ်ပေး ဇယား အဆင့်ငါးမှာ ရပ်တည်နေပေမယ့် အဆင့် ၃ နေရာက လီဗာပူးထက် နှစ်ပွဲလျော့ ကစားထားပြီး ၃ မှတ်ပဲ ကွာဟတော့ တာမို့ ရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်ရောက်ရေး မျှော်လင့်ချက် ပိုမိုရှင်သန် လာခဲ့ပြီ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202695

No comments:
Post a Comment