
အီတလီ စီးရီးအေ ထိပ်သီး ကလပ် အင်တာမီလန် ယူ-၁၈ အသင်းနဲ့ မြန်မာ လူငယ် အသင်းတို့ ခြေစမ်းပွဲနှစ်ပွဲ ကစားဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေ ပါတယ်။
ဒီခြေစမ်းပွဲကို လာမယ့် သြဂုတ်လ ဒုတိယပတ် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာဖြစ်ပြီး အင်တာမီလန်အသင်းနဲ့ နောက်ဆုံးအဆင့် ဆွေးနွေး မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ခြေစမ်းပွဲ ကစားဖြစ်မယ်ဆိုရင် အင်တာမီလန်အသင်းက ယူ-၁၈ အသင်းနဲ့ လာရောက် ခြေစမ်းမှာဖြစ်ပြီး မြန်မာ ယူ-၁၈၊ ယူ-၂၂ အသင်းတွေနဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားမှာပါ။
“ခြေစမ်းပွဲဖြစ်ဖို့က ၇၅ ရာခိုင်နှုန်းလောက် လုပ်ဆောင်ပြီးပါပြီ။ အင်တာမီလန် အသင်းနဲ့က လူငယ်ဘောလုံး တိုးတက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ဖို့ မနှစ်ကတည်းက ဆွေးနွေးထားတာပါ။ သူတို့ဘက်က ရာနှုန်းပြည့် အတည်ပြုချက် မရသေးတဲ့အတွက် သတင်းမထုတ်ပြန်သေးတာပါ။
အင်တာမီလန်လူငယ်အသင်းလာရင် ဒီမှာ တည်းခိုနေထိုင် သွားလာရေးတွေ စီစဉ်ဖို့၊ ပွဲကစားကြေး ပေးဖို့နဲ့ ခြေစမ်းပွဲ နှစ်ပွဲကို ပံ့ပိုး ကူညီမယ့် စပွန်ဆာ ကိစ္စတွေ အပြင် ခြေစမ်းမယ့် နေ့တွေကိုလည်း အတည်ပြုနိုင်ဖို့ ဆွေးနွေးနေပါတယ်။
အတည်ဖြစ်ပြီဆိုရင် တရားဝင် သတင်းထုတ်ပြန်ပေးပါ့မယ်” လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောပါတယ်။
ဒီနှစ်အတွင်းမှာ မြန်မာ ယူ-၁၈အသင်းဟာ အာဆီယံ ယူ-၁၈ နဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး မြန်မာ ယူ-၂၂ အသင်းကလည်း ဆီးဂိမ်း ပြိုင်ပွဲနဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/203767

No comments:
Post a Comment