
ယူရိုပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီက ပိုလန်ကို ပင်နယ်တီ အဆုံး အဖြတ်မှာ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီး ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ပေါ်တူဂီ အတွက်တော့ ယူရို ပြိုင်ပွဲမှာ ၅ ကြိမ်မြောက် အဖြစ် ဆီမီး ဖိုင်နယ်ကို တက်ရောက် နိုင်တာပါ။
ဒီပွဲမှာ ပိုလန်တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ပွဲအစ ၂ မိနစ်မှာ သွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီအတွက် ချေပဂိုးကို ရီနာတို ဆန်းချက်ဇ်က ၃၃ မိနစ်မှာ အဝေးကစ်ကနေ ထောင့်ထဲကို ကန်သွင်းယူပါတယ်။
ပွဲပြီးကာနီးမှာ တိုက်စစ်မှူး ရော်နယ်ဒို အပိုင်နီးပါး ကန်သွင်းခွင့် ရပေမယ့် အသုံးမချနိုင်လို့ ဂိုးသမား ဖေဘီယန်စကီး အလွယ်တကူပဲ ဖမ်းယူနိုင်ခဲ့ပါတယ်။
ပိုလန်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ ပေါ်တူဂီက ပိုရခဲ့ပါတယ်။
အချိန်ပိုအထိ တဖက်နဲ့တဖက် ဂိုးထပ်မံမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးဖြတ် ခံယူရာမှာ ပေါ်တူဂီက ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီက ဆန်းချက် အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ ပေါ်တူဂီဟာ ဆီမီးဖိုင်နယ်မှာ ဝေးလ် ဒါမှမဟုတ် ဘယ်ဂျီယံတို့ ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/157181

No comments:
Post a Comment