ရန်ကုန်၊ မေ ၆
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဂန္ထဝင် ကစားသမား ရွန်နီဂျွန်ဆန်သည် မြန်မာနိုင်ငံမှ လူငယ် များကို ငါးရက်ကြာ လေ့ကျင့် သင်ကြား ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ပစ္စည်းများ ဖြန့်ချိ နေသည့် Manda Fermentation ကုမ္ပဏီထံမှ သိရသည်။
မန်ယူ ကစား သမားဟောင်း ရွန်နီ ဂျွန်ဆန်နှင့် မန်ယူ အသင်း နည်းပြ နှစ်ဦး ပါဝင် လာမည့် အဖွဲ့သည် မေလ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ ရန်ကုန်နှင့် ပုသိမ်မြို့ တို့ရှိ ဘောလုံး အကယ်ဒမီတို့မှ လူငယ် ကစားသမား များကို လေ့ကျင့် သင်ကြားပေးရန် စီစဉ် ထားကြောင်း ယင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
“ဒီ Manda ကုမ္ပဏီက မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးပစ္စည်းတွေ ဖြန့်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့အပြင် သူတို့က မန်ယူအသင်းကို တရားဝင် ထောက်ပံ့ထားတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မန်ယူပရိသတ်တွေ များတဲ့အတွက် ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုလေး လုပ်ချင်လို့ စီစဉ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
လေ့ကျင့်ရေး အစီအစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မေလ ၁၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များ ထုတ်ပြန်ပေးမည်ဟု ပွဲစီစဉ်သည့် ကုမ္ပဏီထံမှ သိရှိရသည်။
အဆိုပါ အစီအစဉ်ကို Forever Media Group နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ မန်ယူကစားသမားဟောင်း ရွန်နီဂျွန်ဆန်နှင့် မန်ယူအသင်းနည်းပြ နှစ်ဦး လာရောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုလည်း အသိပေးထားကြောင်း ယင်းအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောကြားသည်။
နော်ဝေနိုင်ငံသား ရွန်နီဂျွန်ဆန်သည် လက်ရှိတွင် အသက် ၄၇ နှစ်ရှိပြီ ဖြစ်ကာ မန်ယူအသင်းနှင့်အတူ ပွဲပေါင်း ၉၉ ပွဲ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား လေးကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်၊ ချာရတီဒိုင်းတစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ အင်တာကွန်တီနင်တယ်လ်ဖလား တစ်ကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။
ရွန်နီဂျွန်ဆန်သည် နော်ဝေကလပ် ဗယ်လာရင်ဂါကို ကိုယ်စားပြု ကစားခဲ့စဉ်တွင် နော်ဝေလိဂ်၌ အမှတ်ပေး ချန်ပီယံဆု ရရှိခဲ့သေးကာ နော်ဝေလက်ရွေးစင်အဖြစ် ပွဲပေါင်း ၆၀ ကျော် ကစားခဲ့သူ ဖြစ်သည်။
မန်ယူကစားသမားဟောင်းများ ဖြစ်သည့် အန်ဒီကိုးလ်၊ အာဝင်၊ ဒွိုက်ယော့ခ်၊ ဘလက်မိုး၊ လီရှပ် အစရှိသည့် ကစားသမားများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသကဲ့သို့ ချယ်ဆီး၊ ရီးရဲလ်မက်ဒရစ်နှင့် လီဗာပူးအသင်းတို့မှ ကစားသမားဟောင်းအချို့နှင့် နည်းပြအဖွဲ့များလည်း လာရောက်ခဲ့ဖူးသည်။
From : The Vice Myanmar
Originally published at - http://thevoicemyanmar.com/sports/8301-mug
No comments:
Post a Comment